မြန်မာကို ကမ္ဘာက ဘာကြောင့်မေ့နေတာလဲ

မြန်မာကို ကမ္ဘာက ဘာကြောင့်မေ့နေတာလဲ

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ တိုင်းပြည်ကို အာဏာသိမ်းပြီးတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့အင်းသင့်ခဲ့ရပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေကို စစ်တပ်က ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့ နောက်မှာတော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်အတွင်းကို သက်ဆင်းသွားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံတွေက ရှုတ်ချခဲ့ကြပြီး စစ်ခေါင်းဆောင်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ကာ မြန်မာပြည်သူတွေအတွက် ဆုမွန်တောင်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အခြေအနေတွေက ဆက်လက်ဆိုးရွားလာခဲ့ပြီး အခု နှစ်နှစ်နီးပါး ကြာလာတဲ့အခါမှာ တိုင်းပြည်ဟာ အဆုံးမသတ်နိုင်တဲ့ အလုံးစုံ ပြည်တွင်းစစ်ထဲကို ရောက်ရှိနေပါတော့တယ်။

မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကျပ်အတည်းတွေနဲ့ ဒီမိုကရေစီ ဆုတ်ယုတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့ မြန်မာ့ပဋိပက္ခဟာ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ အာရုံစိုက်မှုကို ဆုံးရှုံးခဲ့ပါတယ်။

ဒီအခြေအနေဟာ အစပိုင်းမှာတော့ ချမ်းသာပြီး အင်အားကြီးတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတွေမှာ တရားမျှတမှုတွေ ပြန်လည် ကူညီဆောင်ကြဉ်းပေးဖို့ ငြင်းဆန်တဲ့ နောက်ထပ် ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်လို့ ထင်ရပေမဲ့ တကယ့် အခြေအနေမှန်က ပိုပြီး ရှုပ်ထွေးလှပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးမက်လုံး လောက်လောက်လားလားမရှိတာနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတာတွေကြောင့် အမေရိကန်နဲ့ အခြားသော အနောက်နိုင်ငံတွေက ကြီးကြီးမားမား ဝင်ရောက်စွက်ဖက်ဖို့က မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာကြောင့် အနောက်အင်အားကြီး နိုင်ငံတွေက ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ဉာဏ်နည်းရာ ကျပါလိမ့်မယ်။ နောက်တစ်ချက်က တရုတ်နဲ့ ရုရှားရဲ့ အကျိုးစီးပွားတွေ မြန်မာမှာ ရှိနေပြန်ပါတယ်။

ဒီနှစ်ချက်လုံးဟာ ဘာကိုပြနေလဲဆိုရင် မြန်မာနိုင်ငံဟာ ဝင်ရောက်စွက်ဖက် ထိန်းကျောင်းဖို့အတွက် အန္တရာယ်များလှတဲ့ လှေတစ်စင်း ဆိုတာပါပဲ။

“စီးပွားရေး အထီးကျန်မှု သမိုင်းကြောင်း”

မြန်မာစစ်တပ်ဟာ ၁၉၆၂ ခုနှစ်ကစပြီး နိုင်ငံ့အာဏာကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားခဲ့တာပါ။

မြန်မာနိုင်ငံ ဗြိတိသျှတို့ထံက လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ဒီမိုကရေစီအစိုးရ ကာလတိုတစ်ခု ရှိခဲ့ပေမဲ့ အဲဒီကာလလေးဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ရုတ်တရက် အဆုံးသတ်ခဲ့ပါတယ်။

နောက်ဆယ်စုနှစ်တွေမှာတော့ စစ်တပ်ဟာ အထီးကျန်ဆန်တဲ့ နိုင်ငံခြားရေးမူဝါဒ၊ စီးပွားရေးကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မှုတွေနဲ့အတူ မြန်မာနိုင်ငံကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီ အထီးကျန် နိုင်ငံခြားရေးမူဝါဒကြောင့်ပဲ နိုင်ငံခြားကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဘာမက်လုံးမှ မပေးခဲ့ပါဘူး။

အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကို ကျင့်သုံးခဲ့ပြီး အဲဒီလမ်းစဉ်ကြောင့်ပဲ မကြုံဖူးတဲ့ စီးပွားရေး ပျက်သုဉ်းမှုတွေ ကြုံခဲ့ကာ မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လုံးဝနီးနီး အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး အထီးကျန် ဆန်ခဲ့ပါတယ်။

စစ်အစိုးရက နိုင်ငံခြားအကူအညီတွေကို တိုးမြှင့်ကန့်သတ်တာ၊ အဓိကစက်မှုလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတာနဲ့ နိုင်ငံခြားကုန်သွယ်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့တာတွေကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေးအရ အထီးကျန်ခဲ့ရပါတယ်။

စစ်အစိုးရဟာ မူလတန်းကျောင်းတွေကနေ အင်္ဂလိပ်ပညာရေးကို ဖယ်ရှားတာ၊ အနောက်နိုင်ငံတွေနဲ့ ပြည်ဝင်ခွင့် အဝင်အထွက်တွေ ကန့်သတ်တာနဲ့ စာနယ်ဇင်းတွေအပေါ် ပြင်းပြင်းထန်ထန် ဆင်ဆာဖြတ်တောက်တာတွေ လုပ်ပြီး မြန်မာကို အနောက်နဲ့ အဆက်ဖြတ်ခဲ့ပါတယ်။

လောင်စာဆီစျေးတွေ မြင့်တက်လာမှုကြောင့် ပြည်သူတွေက စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့ ရွှေဝါရောင် တော်လှန်ရေး အပြီးမှာတော့ မြန်မာ့စီးပွားရေးပုံစံဟာ ပြောင်းလာခဲ့ပါတယ်။

ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ နိုင်ငံတကာဖိအားတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်ဟာ သူတို့ ချုပ်ကိုင်ထားတဲ့ အာဏာကို စတင်ဖြေလျှော့ပေးခဲ့ပါတယ်။

ဒီလို အာဏာချုပ်ကိုင်မှု ဖြေလျှော့ပေးခြင်းဟာ နောက်ထပ်နှစ်အနည်းငယ်အထိ ဆက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ စစ်အစိုးရကို တရားဝင် ဖျက်သိမ်းကာ စစ်တပ်လွှမ်းမိုးတဲ့ ပြည်သူ့လွှတ်တော် ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီလွှတ်တော်ဟာ မီဒီယာ ဆင်ဆာဖြတ်တောက်မှုနဲ့ စီးပွားရေး စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပေးပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင် လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံဟာ ပိုမိုခေတ်မီပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အဆင့်သစ်တစ်ခုကို ဝင်ရောက်လာဖို့ မျှော်မှန်းလာတဲ့ အခြေအနေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၂၀၀၈ ခုနှစ်ကထက် နှစ်ဆနီးပါး တိုးလာခဲ့ပြီး နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာလည်း ၂၀၀၅ ခုနှစ်မှာ ၄၈ ရာခိုင်နှုန်းအထိ ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၁၁ ခုနှစ်မှ စတင် ဝင်ရောက်လာတာကြောင့် နိုင်ငံအများစုရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ပမာဏဟာ များများစားစား မရှိသေးဘဲ နိုင်ငံအနည်းငယ်ကသာ မြန်မာနိုင်ငံနဲ့ နက်ရှိုင်းတဲ့ စီးပွားရေး ဆက်ဆံမှုတွေ ရှိနေတာပါ။

ဒီလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပါးခြင်းကလည်း မြန်မာနိုင်ငံရဲ့ မတည်မငြိမ်မှုတွေအပေါ် ကမ္ဘာ့နိုင်ငံတွေက သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိတဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကုမ္ပဏီတွေနဲ့ အကျိုးအမြတ်တွေဟာ သိပ်ပြီး အန္တရာယ် မရှိလို့ပါဘဲ။

“မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး”

စစ်တပ်က သူတို့ချုပ်ကိုင်ထားတဲ့ အာဏာကို ဖြေလျှော့ပေးတဲ့ ဒီကာလမှာပဲ ဒီမိုကရေစီအတွက် တောင်းဆိုသံတွေဟာ မြန်မာနိုင်ငံမှာ အားကောင်းလာခဲ့ပါတယ်။

အဲဒီ ဒီမိုကရေစီရေး တောင်းဆိုမှုကို မြန်မာနိုင်ငံမှာ သူ့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် ၁၉၈၀ ပြည့်နှစ်လွန် ကာလတွေမှာ ထင်ရှားကျော်ကြားလာတဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်အုပ်ချုပ်နိုင်ဖို့ တစ်ခဲနက် မဲပေးခဲ့ကြခြင်းအားဖြင့် အဲဒီ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုတွေဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြပြီး ဖူးပွင့် တောက်ပလာတဲ့ မြန်မာ့ဒီမိုကရေစီအတွက် မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို စစ်တပ်က စတင်လုပ်ဆောင်ချိန်မှာတော့ ကမ္ဘာတဝှမ်းက နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သတ်ဖြတ်မှုတွေကို ကာကွယ်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို အများအပြားက မယုံကြည်တော့သလို ဒီလိုနဲ့ပဲ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ပြန်လည် ဝေးကွာမှု အစပြုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကမှ စခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာလည်း အလျင်အမြန် ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စိုးရိမ်ထိတ်လန့်စေခဲ့ပြီး အများအပြားက သူတို့ရဲ့ နည်းပါးတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရုတ်သိမ်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု ပျောက်ဆုံးခြင်းနဲ့အတူ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် ရုတ်သိမ်းခြင်းက နိုင်ငံအများအပြားအတွက် မြန်မာနိုင်ငံနဲ့ သံတမန်ရေးအရ ဝေးကွာမှုတွေကို ဖြစ်စေခဲ့ပါတယ်။

“၂၀၂၁ ခုနှစ် အာဏာသိမ်းမှု”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက် မြန်မာနိုင်ငံမှာ နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာ ရေပန်းစားမှု ကျဆင်းနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် အများစုကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ စစ်တပ်က အတိုက်အခံပါတီကို ကျောထောက်နောက်ခံ ပေးထားတဲ့အတွက် ရွေးကောက်ပွဲဟာ မသမာမှုတွေ ရှိတယ်လို့ ဆိုပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က စစ်တပ်ရဲ့ မဲမသမာမှု စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်တဲ့ အခါမှာတော့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေအပေါ် အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် နှစ် ၁၀၀ အထိ ချနိုင်တဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ စွပ်စွဲထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ သူတို့ရဲ့ ဒီမိုကရေစီ ခရီးလမ်းကို တိုက်ပွဲမဝင်ဘဲ လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်ဖို့ ဆန္ဒမရှိပါဘူး။

အတိုက်အခံ အင်အားစုတွေဟာ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ သံပုံးတီးခြင်း၊ စစ်တပ်ထောက်ခံတဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ခြင်းလိုမျိုး အာဏာဖီဆန်မှု လုပ်ရပ်တွေနဲ့ တုံ့ပြန်ခဲ့ပြီး နောက်ဆုံးမှာတော့ လူထုဆန္ဒပြပွဲများအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဆန္ဒပြသူတွေကို စစ်တပ်က ရော်ဘာကျည်ဆန်တွေ၊ ရေအမြောက်တွေနဲ့ ပစ်ခတ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံ လှုပ်ရှားမှုက မအောင်မြင်တဲ့အတွက် ပြည်တွင်းစစ်က ဆက်လက် တောက်လောင်နေဆဲပါ။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေမှာ နေအိမ်တွေနဲ့ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်တာ၊ ရွာတွေအားလုံးကို မီးရှို့ဖျက်ဆီးတာနဲ့ အတိုက်အခံလို့ သံသယရှိသူ ၈၀၀၀ ကျော်ကို ဖမ်းဆီးတာတွေ ပါဝင်ပါတယ်။

အနည်းဆုံး လူပေါင်း ၁,၅၀၀ လောက် သတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပေမဲ့ အဲဒီအရေအတွက်ဟာ အလွန်အမင်း လျှော့တွက်ထားတဲ့ ပမာဏ ဖြစ်ပါလိမ့်မယ်။

တိုက်ရိုက်အကြမ်းဖက်မှုတွေကြောင့် ဖြစ်လာတဲ့ ဆင်းရဲဒုက္ခတွေအပြင် မြန်မာနိုင်ငံသားတွေဟာ စီးပွားရေးကျဆင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှုနဲ့ ဆင်းရဲမွဲတေမှုနှုန်းများ မြင့်တက်လာခြင်းရဲ့ သားကောင်တွေ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ လူသန်းပေါင်းများစွာဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ဆင်းရဲနွမ်းပါးမှုအဆင့်ဟာလည်း ၂၀၂၂ ခုနှစ်မှာ နှစ်ဆတိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

“အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်လာတယ်”

လို့ CFR က စာရေးဆရာ Joshua Kurlantzick က ဆိုပါတယ်။

အဲဒီလို ထိခိုက်ဆုံးရှုံးမှုတွေအနက် အချို့ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေမဲ့လည်း ပြည်တွင်းစစ်ဟာ နိုင်ငံသားတွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

“နိုင်ငံတကာရဲ့ စိတ်ပျက်ဖွယ်ရာ တုံ့ပြန်မှု”

အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်မှုက လုံးဝ အားနည်းလွန်းပါတယ်။

ဘိုင်ဒင်အစိုးရဟာ စစ်ခေါင်းဆောင်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချကာ စစ်အာဏာရှင်တွေကို ပိုမို ဖိအားပေးဖို့ အာဆီယံကို ဖိအားပေးခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေတွေကို ပိတ်ဆို့တာ၊ အခြားနိုင်ငံတွေအနေနဲ့ စစ်အစိုးရကို ထောက်ခံနေမှု ရပ်တန့်ဖို့ စည်းရုံးတာနဲ့ အတိုက်အခံ လှုပ်ရှားမှုကို ပိုမိုထောက်ပံ့ပေးတာတွေ လုပ်ဆောင်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုအားကောင်းအောင် လုပ်လို့ရပါတယ်။

အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ကြေညာချက်တွေ ထွက်လာပေမဲ့လည်း မြန်မာနိုင်ငံမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ဖို့ကိုတော့ ကုလသမဂ္ဂက တွန့်ဆုတ်နေပါတယ်။

မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေဆဲ နိုင်ငံအနည်းငယ်က တရုတ်နဲ့ ရုရှားတို့ဖြစ်ပြီး သူတို့ဟာ မြန်မာစစ်အစိုးရနဲ့ နီးကပ်တဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာရဲ့ ပထဝီ အနေအထားအရ နီးကပ်စွာတည်ရှိနေမှုကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် သိသာထင်ရှားတဲ့ စီးပွားရေးနဲ့ သံတမန်ရေးအရ သြဇာလွှမ်းမိုးမှုတွေ လုပ်ဆောင်ထားနိုင်ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံဟာ မြန်မာအတွက် ထောက်ခံမှုအပေးဆုံး မိတ်ဖက်နဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ဒါဟာလည်း BRI လို့ခေါ်တဲ့ ရပ်ဝန်းနဲ့ လမ်းမ ဧရာမစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ကျယ်ပြန့်တဲ့ အခြေခံအဆောက်အအုံနဲ့ စွမ်းအင် စီမံကိန်းတွေကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ မတည်မငြိမ်မှုတွေကို တားဆီးဖို့ စစ်အစိုးရကို အာဏာတည်မြဲစေခြင်းအားဖြင့် သူတို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လျက် ရှိပါတယ်။ ဒါဟာ သူ့ရဲ့ ပထဝီ အနေအထားနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စစ်ခေါင်းဆောင်အချို့ဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးလာမှုကို စိုးရိမ်ပူပန်ပေမဲ့လည်း အနောက်အုပ်စုက စစ်အစိုးရရဲ့ ဦးဆောင်မှုကို လက်ခံဖို့ ငြင်းဆိုနေတာကြောင့် စစ်ခေါင်းဆောင်တွေအနေနဲ့ တရုတ်နဲ့သာ ပိုမိုနီးကပ်စေခဲ့ပါတယ်။

ရုရှားကလည်း စစ်အာဏာရှင်တွေရဲ့ ပိုမိုခိုင်မာ အားကောင်းလာတဲ့ မဟာမိတ် ဖြစ်ပါတယ်။

သူတို့ဟာ မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ကို မထောက်ခံခဲ့သလို အာဏာသိမ်းမှုကိုလည်း ရှုတ်ချတာ မရှိပါဘူး။ တကယ်တော့ ရုရှားဟာ အာဏာသိမ်းချိန်အတွင်းမှာ မြန်မာနိုင်ငံကို ဆက်ပြီး လက်နက် ရောင်းချပေးနေခဲ့တာပါ။

အပြန်အလှန်အားဖြင့် ယူကရိန်းကို ရုရှားက ကျူးကျော်မှုအပေါ် မြန်မာက အပြည့်အဝ ထောက်ခံခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်အဖြစ် လက်ရှိမှာ ခိုင်မာတဲ့ မဟာမိတ်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာတည်မြဲရေးက သူတို့အတွက် ရှင်းလင်းတဲ့ အကျိုးစီးပွားတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ ဆက်လက် အာဏာတည်မြဲစေရေး တရုတ်နဲ့ ရုရှားအတွက် အကျိုးစီးပွားတွေ ရှိနေလို့ အတိုက်အခံတွေအတွက် စစ်အစိုးရကို ဖြုတ်ချရေးမှာ ပိုမို ခက်ခဲစေပါတယ်။

ပိုဆိုးတာက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကောင်းမြင်ခဲ့ပေမဲ့လည်း စစ်တပ်အနေနဲ့ သူတို့ချုပ်ကိုင်ထားတဲ့ အာဏာကို ဘယ်တုန်းကမှ လက်လွတ်ဆုံးရှုံးခဲ့ခြင်း မရှိတာပါပဲ။

ပါလီမန်ဒီမိုကရေစီ ကျင့်သုံးနေတဲ့ ကာလမှာတောင် စစ်တပ်ဟာ နိုင်ငံခြားဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးနဲ့ အခြား မူဝါဒများစွာအပေါ်မှာ ဆက်လက် ထိန်းချုပ်ထားခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံအဆင့် ကုမ္ပဏီကြီးတွေမှာ ပိုင်ဆိုင်မှုတွေ အများအပြား ရှိနေလို့ သူတို့ရဲ့ ထိန်းချုပ်မှုဟာ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်နှစ်ခုလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါ။

လက်ရှိအခြေအနေကို ပြန်သွားရမယ်ဆိုရင် စစ်တပ်အနေနဲ့ အတိုက်အခံတွေကို ချေမှုန်းရာမှာ ရုန်းကန်နေရတာနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု ကင်းမဲ့နေတာကြောင့် သူတို့ရဲ့ အင်အားဟာ မေးခွန်းထုတ်ခံနေရပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံတို့က စစ်အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုထားပါတယ်။

မည်သို့ပင် ဆိုစေကာမူ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ အထွေထွေသော စနစ်တွေမှာ ကာလကြာရှည် အမြစ်တွယ်ထားပြီး နိုင်ငံ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့လည်း စိတ်ပိုင်းဖြတ်ထားတာကြောင့် သူတို့ကို ဒီမိုကရေစီ အစိုးရတစ်ရပ်နဲ့ အစားထိုးဖို့ကိစ္စဟာ ဘယ်နိုင်ငံမှ မလုပ်ချင်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာက အကန့်အသတ်နဲ့ ဝင်ရောက်စွက်ဖက်ဖို့ အခြေအနေကလည်း ပိုနေမြဲ ကျားနေမြဲ မပြောင်းမလဲ ဆက်ရှိနေဖို့ များပါတယ်။

အနောက်နိုင်ငံတွေက မျှော့်လင့်ချက်တွေ၊ ဆုတောင်းပေးမှုတွေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်နိုင်ပေမဲ့ ဒီထက်ပိုပြီး များများစားစား မရှိနိုင်ပါဘူး။

တရုတ်နဲ့ ရုရှားဟာလည်း မြန်မာစစ်တပ်ကို ဆက်လက်ထောက်ခံနိုင်ပေမဲ့လည်း သူတို့ရဲ့ တပ်ဖွဲ့တွေကို တိုက်ပွဲမှာ ဝင်တိုက်ဖို့ စေလွှတ်ပေးတဲ့အထိတော့ မရောက်ပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အရာအားလုံး ဆုံးရှုံးသွားတာတော့ မဟုတ်ပါဘူး။

စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပဖို့ ကတိပေးထားပါတယ်။ သူတို့ကတိဟာ ခုချိန်မှာတော့ သံသယဖြစ်ဖွယ် ရှိပေမဲ့ နောင်မှာတော့ တကယ်ကျင်းပပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အတိုက်အခံ လှုပ်ရှားမှုတွေအနေနဲ့လည်း တိုက်ပွဲတွေမှာ စစ်တပ်ကို ပုံမှန်အရှုံးနဲ့ ရင်ဆိုင်စေခြင်းအားဖြင့် လေးစားအထင်ကြီးလောက်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်ထားနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ အခိုက်အတန့်မှာ စစ်တပ်ရဲ့ အောင်ပွဲဟာ ကြိုတင်ကောက်ချက် မဟုတ်ပါဘူး။

ဆိုရရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်သူ့လက်ထဲမှာမှ ရှိမနေဘဲ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာသာ ရှိနေပုံ ရပါတော့တယ်။

(Harvard International Review မှာ ဇွန်လ ၂၇ ရက်က ဖော်ပြထားတဲ့ Why Has the World Forgotten About Myanmar? ဆောင်းပါးကို တနင်္သာရီ ပရိသတ်အတွက် ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါတယ်။)

The Tanintharyi Times