ပုလောဘက်က လာတဲ့ စစ်ကောင်စီယာဥ်တန်း သရက်ချောင်းမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရ

ပုလောဘက်က လာတဲ့ စစ်ကောင်စီယာဥ်တန်း သရက်ချောင်းမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရ

ဓာတ်ပုံ - ရေဖြူမြို့နယ်မှာ စစ်ကားမိုင်းဆွဲခဲ့ရတဲ့ပုံဟောင်း။

မြိတ်ခရိုင်၊ ပုလောဘက်က တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းတစ်ခုဟာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ဇွန်လ ၁ ရက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဇူလိုင် ၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ကား ၅ စီးပါ စစ်ကောင်စီယာဥ်တန်းဟာ သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားနှစ်စီးထိခိုက်ပျက်စီးပြီး ကားပေါ်ပါလာတဲ့ စစ်သား ၃၀ ဝန်းကျင်ထိခိုက်နိုင်တယ်လို့ အနီးအနားရှိ ဒေသခံတစ်ဦးကပြောပါတယ်။

” ညနေ ၄ နာရီခွဲလောက်မှာ ပိတောက်ကြီး ရွာအလွန် ဆီအုန်းတောနားမှာ ပေါက်ကွဲသံတစ်ချက်ကြားရတယ်။ သေနတ်ပစ်သံတွေလည်း ကြားရတယ် ” အနီးအနားရွာက ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ စစ်ကားနှစ်စီး ထိခိုက်ပျက်စီးတာကလွဲပြီး ထိခိုက်ဒဏ်ရာမှု အခြေနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

” ပေါက်ကွဲတဲ့နေရာနားမှာ ကျောက်ခဲတွေ လွင့်စင်နေတာတွေ့တယ်။ မင်းဒပ် တံတား စစ်ဆေးရေးဂိတ်မှာလည်း ပျက်စီးနေတဲ့ စစ်ကား နှစ်စီး ထိုးထားတာ တွေ့ရတယ်” လို့ အနီးအနားရွာကဒေသခံက ဆိုပါတယ်။

စစ်ကောင်စီယာဥ်တန်းတွေဟာ မြိတ်-ထားဝယ်ကားလမ်းမပေါ်က ပုလောမြို့နယ်နဲ့သရက်ချောင်းမြို့နယ်တွေမှာ အရင်က မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရဖူးပါတယ်။

The Tanintharyi Times