သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးစီးလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ
သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးစီးလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးစီးလာတဲ့ကားလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
အခုလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဟာ သရက်ချောင်းမြို့ဘက်ကနေရွာကို ကားနဲ့ဆင်းလာစဥ် ချောက်ချောင်းရွာနဲ့ စုံစင်ဖျားရွာကြားတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ပရိုဘော့စ်ကားနဲ့ပါ။ မထိလိုက်ဘူး။ ပြီးတာနဲ့ ဝင်းဝဘက်က စစ်သားတွေတက်လာပြီး လက်နက်ကြီး အချက် ၂၀ ကျော် ရမ်းထုတော့တာပဲ။ သူပဲဖုန်းဆက်ခေါ်လိုက်တာဖြစ်မယ်။” လို့ပြောပါတယ်။
အဲဒီကားကို ဦးဇော်ဝမ်း ကိုယ်တိုင်မောင်းလာတာဖြစ်ပြီး ကားထဲမှာ သူတို့လင်မယားနှစ်ယောက်ပါလာတယ်လို့ ဆက်ပြောပါတယ်။
အဲဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာပဲ ဝင်းဝရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကားနဲ့ တက်လာပြီး စုံစင်ဖျားရွာ မီးသတ်ရုံးကိုလာကာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာအနီးတဝိုက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်ထင်ရတဲ့ နေရာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလ ၁ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာ မိန်းလမ်းမတနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့အချိန် ဘေးချင်းကပ်ရွာဖြစ်တဲ့ ပဲဒက်ရွာက ပျူစောထီးတွေရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ပျူစောထီးတွေ လာရောက်တိုက်ခိုက်ခဲ့လို့ ပိတောက်ငယ်ရွာတံတားအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခန့်မှု မိနစ် ၂၀ ဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့ သိမ်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “(ပျူတွေက) တောင်ပေါ်ကဆင်းလာပြီး ပဲဒက်သင်္ချိုင်းနားကနေ ရဲဘော်တွေစစ်ဆေးနေတဲ့ဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုတာ။ အဲမှာပြန်ပစ်ရင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီပျူစောထီးအဖွဲ့ဝင်ဆိုသူတွေဟာ ပဲဒက်ရွာ ဘုရားတောင်ကုန်းပေါ်မှာ တပ်စွဲနေကြတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လက တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းပေါ်စစ်ဆေးထွက်နေတာ၊ တိုက်ပွဲဖြစ်ပြီး ဆုတ်လမ်းလို့ ထင်ရတဲ့ နေရာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။
The Tanintharyi Times