မြိတ်မှာ ‌သွေးအလှူရှင်တွေ လိုအပ်နေ

မြိတ်မှာ ‌သွေးအလှူရှင်တွေ လိုအပ်နေ

မြိတ်မြို့မှာ ပုံမှန်သွေးအလှူရှင်တွေ လျော့နည်းသွားတဲ့အတွက် သွေးလိုရင် အလှူရှင် ရှာရတာ အလွန်ခက်ခဲလာတယ်လို့ မြိုခံ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့ဝင်တွေက ပြောပါတယ်။

သွေးလှူရှင်စာရင်းစာအုပ်ထဲမှာဆို အယောက် ၇၀ လောက်ပျောက်ထွက်သွားတယ်။ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကိုဆက်တာ စက်ပိတ်တာနဲ့ တခြားအကြောင်းတွေနဲ့။ ဒီလိုနဲ့ပဲ မျက်ဖြူဆိုက်အောင် လူထပ်ရှာရတာပေါ့။” လို့ မြိတ်မြို့က ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သွေးအလှူရှင်လျော့နည်းသွားရတဲ့အကြောင်းအရင်းတွေထဲမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ခံယူချက်အရ တော်လှန်ရေးထဲ ပါဝင်သွားသူတွေရှိနေသလို အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို စွန့်ခွာသွားတဲ့ မြို့ခံတွေများလာတာကြောင့်လည်း ပါတယ်လို့ ၎င်းကရှင်းပြပါတယ်။

မြိတ်မြို့မှာ သွေးလိုအပ်တဲ့လူနာတွေ ဆက်တိုက်ရှိနေပေမဲ့ အလှူရှင်ကတော့ အမြဲအဆင့်သင့်မရှိဘဲ အရေးတကြီးရှာရတာက များနေတယ်လို့လည်း လူမှုကူညီရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ရာသီဥတု အနေအထားကြောင့် အခုကာလမှာသွေးရရှိဖို့ကလည်း ပိုခက်လာတယ်လို့ ဆိုပါတယ်။

“ရာသီဥတုပူတော့ လှူမယ်ဆိုပြီးရောက်လာတဲ့သူတောင် သွေးပေါင်ချိန်တွေ မမှန်ဘူး။ သွေးတလုံးလိုရင် နှစ်ယောက်ကြိုရှာရတယ်” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

‌ဒါ့အပြင် မြိတ်မြို့မှာ အချိန်အခါမဟုတ်ဘဲ သွေးလွန်တုပ်ကွေး ကူးစက်ခံနေရတဲ့သူတွေလည်းရှိနေပြီး ဒီရောဂါကူးစက်ခံထားရတဲ့သူတွေအတွက် ‌သွေးရှာရတာက ပိုခက်တယ်လို့ သိရပါတယ်။

လာမဲ့ မိုးရာသီမှာလည်း သွေးလွန်တုပ်ကွေးရောဂါအတွက် သွေးအလှူရှင်တွေကို ကြိုတင်စီမံထားနိုင်ဖို့ ကြိုးစား‌နေကြပါတယ်။

သွေးအလှူရှင် လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက် လူမှုကူညီရေးပရဟိတအဖွဲ့‌ဝင်တွေအနေနဲ့ သူတို့ရဲ့နီးစပ်ရာမိတ်ဆွေတွေ၊ ဆိုင်ထိုင်တဲ့အချိန်မျိုးတွေ ဆိုင်မှာတွေ့တဲ့ မိတ်ဆွေတွေကို သွေးအမျိုးအစားမေးပြီး အလှူရှင်တွေ ဖိတ်ခေါ်တာ စသဖြင့် နည်းအမျိုးမျိုးနဲ့ ရှာနေရတယ်လို့ ဆိုပါတယ်။

မြိတ်မြို့က သွေးလှူချင်တဲ့သူတွေအနေနဲ့ နီးစပ်ရာ လူမှုကူညီရေးပရဟိတအသင်းတွေမှာ စာရင်းပေးထားပြီး ‌အရေးပေါ်အခြေနေတွေမှာ ကူညီပါဝင်ပေးဖို့ ပရဟိတအဖွဲ့ဝင်တွေက လှုံ့ဆော်ထားပါတယ်။

မြိတ်မြို့မှာ သွေးလိုအပ်နေသူအများစုက ယာဉ်တိုက်မှုကြောင့် ထိခိုက်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကင်ဆာရောဂါသည်တွေ၊ သွေးလွန်တုပ်ကွေးကူးစက်ခံထားရသူတွေနဲ့ အဖျားပြင်းတဲ့သူတွေ သွေးလိုအပ်မှု အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

The Tanintharyi Times