မြိတ်-ဘုတ်ပြင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထားမယ်လို့ မြိတ်ခရိုင် တပ်ရင်း (၂)က အရေးပေါ်သတိပေးချက်ထုတ်ပြန်

မြိတ်-ဘုတ်ပြင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထားမယ်လို့ မြိတ်ခရိုင် တပ်ရင်း (၂)က အရေးပေါ်သတိပေးချက်ထုတ်ပြန်

ဓာတ်ပုံ - ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့နေရာတွေ။

မြိတ်-ဘုတ်ပြင်းသလမ်းပိုင်းကို ဒီကနေ့ကစပြီးဖြတ်သန်းခွင့်တားမြစ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၂)က အရေးပေါ်သတင်းထုတ်ပြန်ပါတယ်။

မြိတ်နဲ့ ဘုတ်ပြင်းမြို့နယ်ကြားက တနင်္သာရီမြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်အတွင်းက ကားလမ်းမကြီးတလျှောက်မှာ အချိန်မရွေး တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီနေ့ကစပြီး သွားလာခွင့်ပိတ်လိုက်တဲ့နေရာကတော့ မြိတ်မြို့နယ် ကြေးနန်းတိုင် တံတားကစပြီး ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိဖြစ်ပါတယ်။

ဒါ့အပြင် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကိုလည်း သွားလာခွင့်ဆက်လက်ပိတ်ထားမယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အခုလိုအခြေအနေမှာ ခရီးသွားပြည်သူတွေကို ကာကွယ်ရေးအဖွဲ့တွေထုတ်ထားတဲ့ထုတ်ပြန်ချက်တွေကို အသေအချာလိုက်နာပေးကြဖို့ပြောချင်ပါတယ်။ မလိုက်နာလို့ရှိရင် မနေ့ကလို၊ မလိုလားအပ်တဲ့ ထိခိုက်မှုမျိုးတွေထပ်ဖြစ်မှာပါ။ ကျနော်တို့ကလည်းတိုက်တာက တိုက်ရမှာ​​ဖြစ်လို့ပါ” လို့မြိတ်ခရိုင် တပ်ရင်း (၂)ရဲ့ ပြန်ကြားရေးတာဝန်ရှိ​သူကပြောပါတယ်။

မြိတ် – ကော့သောင်းကားလမ်းမှာ ညဘက်ဖြတ်သန်းတဲ့ မြတ်မန္တာလာထွန်း ခရီးသည်ယာဉ် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ နှစ်ရက်ကျော်ကပဲ ဖြစ်ပွါးထားတာပါ။

ဒါကြောင့် အများပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တော်လှန်ရေး အဖွဲ့အစည်းတွေက ပြန်လည်မရုတ်သိမ်းခင်အချိန်အထိ အခုကြေညာချက်အတည်ဖြစ်တယ်လို့ဆိုပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး အခုလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ နှစ်ဖက်တိုက်ခိုက်မှုအနည်းငယ်ပြန်ငြိမ်နေပြီး စစ်ကောင်စီဘက်ကလည်း ပြန်ဆုတ်ထားတယ်လို့ သိရပါတယ်။

The Tanintharyi Times