အာဆီယံကို အသုံးမချဖို့ နိုင်ငံကြီးတွေကို အင်ဒိုနီးရှား ပြော

အာဆီယံကို အသုံးမချဖို့ နိုင်ငံကြီးတွေကို အင်ဒိုနီးရှား ပြော

ပုံစာ - နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မိတ်ဖက်တွေကို ကြိုဆိုတဲ့ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး

အမေရိကန်၊ တရုတ် စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အနေနဲ့ သူတို့အချင်းချင်း အားပြိုင်ပွဲမှာ အာဆီယံကို ကြားခံအဖြစ် အသုံးမချဖို့ ယခုနှစ်ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားက ဒီကနေ့မှာ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားမှာ ဒီကနေ့ စတင်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မစတင်မီ အဖွင့် မိန့်ခွန်းမှာ သမ္မတ ဂျိုကိုဝီက အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

“အာဆီယံဟာ ဘယ်အစုအဖွဲ့အတွက်မှ အသုံးချခံ မဖြစ်သင့်ဘူး” လို့ ဂျိုကိုဝီက ဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတက အဲဒီမိန့်ခွန်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း အာဆီယံ အဖွဲ့ဝင်တွေကြား ညီညီညွတ်ညွတ်နဲ့ ရလဒ်ထွက်အောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဆီယံရဲ့ အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ အင်ဒိုနီးရှားဟာ ယခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေကို လက်ခံကျင်းပမှာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်တို့လည်း တက်ရောက်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံအချို့က တရုတ်ဘက်ကို ယိမ်းပြီး အချို့ကတော့ အမေရိကန်ရဲ့ သဘောထားကို ပိုပြီးလိုလားတာမျိုး ဖြစ်နေမှုနဲ့ ပတ်သက်လို့ သမ္မတ ဂျိုကိုဝီက အဲဒီလို ပြောခဲ့တာပါ။

ဒီကနေ့ စတင်ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကိုတော့ စစ်ကောင်စီက အသစ်ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခွင့် မရခဲ့ပါဘူး။

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အာဆီယံကို ခေါင်းခံခိုင်းပြီး သူတို့ကိုယ်တိုင် ထိထိရောက်ရောက် ကူညီဖြေရှင်းမှုတွေ လုပ်ဖို့ ပျက်ကွက်နေတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း လေ့လာသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ကိုးကား – အေအက်ဖ်ပီ

The Tanintharyi Times