ပညာရေးနှင့် လူ့အဖွဲ့အစည်း

ပညာရေးနှင့် လူ့အဖွဲ့အစည်း

ပညာရေးအတွေး၊ ဒဿနအမြင် (၁၁)

ပညာရေးသည် မည်သို့သော လူ့အဖွဲ့အစည်းတိုင်းအတွက်မဆို အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ လူ့အဖွဲ့အစည်း အသီးသီး၏ နိုင်ငံရေးဘဝ၊ လူမှုရေးဘဝ၊ စီးပွားရေးဘဝတို့၏ အခြေခံအကြောင်းတရား လည်း ဖြစ်ပေသည်။ ပညာရေးသည် လူသားတစ်ဦးအား သားကောင်ဘဝမှ လွတ်မြောက်စေရုံသာမက လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အပံ့ ပေးလေသည်။ လူမှုအဖွဲ့အစည်း အသီးသီး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု စသည့် တန်ဖိုးများကိုလည်း ယင်းလူ့အဖွဲ့အစည်းက ချမှတ်လမ်း ညွှန်ပေးသော ပညာရေးပေတံဖြင့်သာ တိုင်းတာကြပါသည်။

ရှေးလူ့အဖွဲ့အစည်းများတွင် ပညာရေးဆိုင်ရာ ဆောင်ရွက်မှုများ အနေဖြင့် စနစ်တကျ မရှိသေးပေ။ ယင်းတို့၏ စားဝတ်နေရေး ဘဝလိုအပ်ချက် တစ်နည်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လိုလားတောင့်တမှုအတွက်သာ ပြင်ဆင် သင်ကြားပေးကြသည်။ သို့ရာတွင် လူတို့၏ အသိဉာဏ်သည် ဖွံ့ဖြိုးလာပြီး သာမန်တိရစ္ဆာန်သာသာ အဆင့်မှ တစ်စတစ်စ လွန်မြောက်လာခဲ့ကြပါသည်။ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ အတွေးအခေါ်ပညာ စသည့် ဘာသာရပ်များ ထွန်းကားလာပြီး ပညာရေးအစီအစဉ်သည်လည်း စနစ်တကျ သင်ယူစရာများ ပို၍ များပြားလာခဲ့ပါသည်။ ဤတွင် ယင်းဘာသာရပ်များကို သင်ကြားပေးသော ရှေးဦးစာသင်ကျောင်းများ ပေါ်ပေါက်လာခဲ့ပါသည်။ အနောက်တိုင်း ဂရိယဉ်ကျေးမှုနှင့် အရှေ့တိုင်း တရုတ်၊ အိန္ဒိယယဉ်ကျေးမှုတို့အတွင်း စာသင်ကျောင်းများကို (ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်) ပညာရေးသမိုင်း၏ အစောဆုံး ဖွံ့ဖြိုးမှုများအဖြစ် တွေ့မြင်ရပါမည်။

လူ့သမိုင်း၏ ရှေးဦးကာလများ၌ပင် လူ့အကျင့်စရိုက်များကို ပုံစံချပေးရန်၊ ပြည့်စုံသော ဘဝရှင်သန်နေထိုင်မှုအတွက် ပြင်ဆင်ပေးရန်၊ စိတ်အခြေအနေ အရပ်ရပ်အားဖြင့် မြှင့်တင်ပေးရန်တို့ကို ပညာရေး၏ ရည်ရွယ်ချက်များအဖြစ် သတ်မှတ်ထားကြပါသည်။ မျက်မှောက်ခေတ် အခြေအနေ များအရပင် ပညာရေး၏ အထက်ပါ ရည်ရွယ်ချက်များကို ငြင်းဆိုစရာ အကြောင်း မရှိပေ။

သို့ရာတွင် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာပြီးသည့်နောက် ပညာရေး နယ်ပယ်သည် ပိုမိုကျယ်ပြန့်လာပြီး လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာ စသည်ဖြင့် လူတို့နှင့် ထိတွေ့လျက်ရှိသော နယ်နိမိတ်အားလုံးနှင့် အတွင်းသဘောအားဖြင့် ပတ်သက်လာပါသည်။

လူသား၏စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုသာမက လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားအဆောက်အအုံ ခိုင်မာ တောင့်တင်းရေး၊ နည်းပညာနှင့်ပတ်သက်သော အသစ်အသစ် ရှာဖွေ တွေ့ရှိမှုများ အားလုံးသည် ပညာရေးလုပ်ငန်းနှင့် ဟန်ပန်များ ဖြစ်လာခဲ့ကြသည်။ ယင်းကြောင့်ပင် ဒဿန ပညာရှင်များက ပညာရေးသည် လူမှုအုတ်မြစ်ဖြစ်သည်ဟု သတ်မှတ်ထားကြပါသည်။

ပညာရေးသည် ထာဝရတည်းဟူသော တံဆိပ်တုံးဖြင့် ခတ်နှိပ်ထားသော ဉာဏ်ပညာအမွေအနှစ် တစ်ခုပင်ဖြစ်သည်။ တစ်နည်းဆိုရသော် လူမျိုးနွယ်စု တစ်ခုအတွင်းရှိ အသိစိတ်ရှိသော လူသားတစ်ဦးချင်းစီ၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်အဖြစ် တန်ဖိုးမဖြတ်နိုင်သော လူမှု အမွေအနှစ်များနှင့် အခြားဖွံ့ဖြိုးတိုးတက်စေသော အရာအားလုံးကို မျိုးဆက် တစ်ခုမှ အခြားမျိုးဆက်တစ်ခုသို့ လက်ဆင့်ကမ်း ကူးပြောင်းပေးခြင်းပင် ဖြစ်ပါသည်။ ပညာရေးသည် ယင်းနှင့်ဆက်သွယ်လျက်ရှိသော အသက်ရှင်နေသည့် ပုဂ္ဂိုလ်များတွင်လည်းကောင်း၊ ဆရာနှင့်တပည့် ပေါင်းသင်းဆက်ဆံရေးတွင် လည်းကောင်း၊ လူတို့၏ သနားကြင်နာသော စိတ်ကိုပိုမိုမြင့်မြတ်စေရန် တိုက်တွန်း လှုံ့ဆော်မှုတွင်လည်းကောင်း၊ ဆက်ဆံရရှိသည့် အမွေအနှစ်တို့၏ တိုးတက်မှုကို ရှာဖွေသော တီထွင်ဖန်တီးမှု အတတ်ပညာတွင်လည်းကောင်း တန်ဖိုးရှိစွာ သက်ရောက်လျက်ရှိပါသည်။

ပညာရေး၏ အနိမ့်ဆုံးတာဝန်မှာ လူသားတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းဝင်တိုင်းအတွက် အသိပညာ၊ သဘောထားများ၊ တန်ဖိုးစံနှုန်းများနှင့် အတွေ့အကြုံများကို အထောက်အပံ့ပေးရန်ပင် ဖြစ်ပါသည်။ လူသား၏ အခွင့်အလမ်းများ၊ တီထွင်ဖန်တီးနိုင်မှုနှင့် ဝေဖန်ဆန်းစစ်နိုင်သော အရည်အသွေးတို့ကို ဖွံ့ဖြိုးစေခြင်းသည် ယင်းလူသား၏ ပြည့်စုံကြွယ်ဝမှုနှင့် ပျော်ရွှင် ဝမ်းမြောက်မှုတို့အတွက် တွန်းအားတစ်ရပ် ဖြစ်ပါသည်။ သည့်အပြင် မိမိ ရှင်သန်နေထိုင်သော အဖွဲ့အစည်းအတွက်လည်း တာဝန်သိစိတ်ရှိသော နိုင်ငံ့သားကောင်းတစ်ယောက် ဖြစ်လာစေပါသည်။

တစ်နည်းအားဖြင့်ဆိုသော် လူသား၏ ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ မိမိလူ့အဖွဲ့အစည်း၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်စေခြင်း၊ နိုင်ငံရေး ယဉ်ကျေးမှု လူမှုရေးဆိုင်ရာ ဟန်ချက် ညီညွတ်မှုများအတွက် နိုင်ငံ့သားကောင်းတစ်ယောက်အဖြစ် ထမ်းဆောင်စေရန် အကူအညီပေးခြင်းတို့ကို ပညာရေးအစီအစဉ်က ဖြည့်ဆည်း ပေးရပါမည်။ ယင်းအတွက်ကြောင့်ပင် ပညာရေးသည် လူ့အဖွဲ့အစည်းအတွင်းရှိ တန်ဖိုးရှိ အရာအားလုံးနှင့် ဆက်သွယ်လျက်ရှိသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ပညာရေးသည် လူသားဘဝနှင့် လူမှုဘဝကို ဖွံ့ဖြိုးတိုးတက်စေသည့် နည်းတူ လူ့အဖွဲ့အစည်းကလည်း ပညာရေးအစီအစဉ်အား ပိုမိုတောက်ပြောင်လာစေရန် လမ်းဖွင့်ပေးရပါမည်။

ဤနေရာတွင် လူ့အဖွဲ့အစည်းများ၏ သဘောသဘာဝကို အနည်းငယ် ဆွေးနွေးလိုပါသည်။ ပရိုဂရက်ဆစ် ပညာရေးဝါဒီ (Moric D. Fantini) အလိုအရ လူ့အဖွဲ့အစည်းကို ယေဘုယျ နှစ်ပိုင်းခွဲခြားနိုင်ပြီး လွတ်လပ်သော အဖွဲ့အစည်းနှင့် ပိတ်ဆို့ထားသော အဖွဲ့အစည်းတို့ပင် ဖြစ်ပါသည်။ လူသားတစ်ဦးချင်းစီသည် နိုင်ငံတော်အား အောက်ကျို့ခံရပြီး နိုင်ငံတော်သည် အကြွင်းမဲ့အာဏာဖြင့် အမိန့်ဥပဒေများ ပြဋ္ဌာန်းနိုင်သော အဖွဲ့အစည်းသည် ပိတ်ဆို့ထားသော အဖွဲ့အစည်းဖြစ်ပြီး လူသားတစ်ဦးချင်းစီ၏ မွေးရာပါ လွတ်လပ်ခွင့်များကို အပြည့်အဝ ခံစားနိုင်၍ နိုင်ငံတော်အပေါ် စုပေါင်း လွှမ်း မိုး နိုင်ခွင့်ရှိသော အဖွဲ့အစည်းသည် လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပါသည်။ ယင်းသက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ၏ နိုင်ငံရေးစနစ်ကိုလိုက်၍ ပညာရေး နယ်ပယ်တွင်လည်း လွတ်လပ်ပွင့်လင်းခြင်းနှင့် ပိတ်ဆို့တားဆီး ခံနေရခြင်းများ ရှိခဲ့ပါသည်။

ပညာရေးကို ပိတ်ဆို့ထားခြင်းသည် ယင်းလူ့အဖွဲ့အစည်းအတွက် မိမိ အခွင့်အလမ်းကို မိမိကိုယ်တိုင် ချိုးဖျက်သည်နှင့် တူညီပါသည်။ ပညာရေးဖွံ့ဖြိုးမှု တစ်နည်းအားဖြင့် လွတ်လပ်မှုမရှိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာလူ့အဖွဲ့ အစည်း၏ တိုးတက်ကောင်းမွန်သော အလားအလာအားလုံး ဆုတ်ယုတ်ပျက်စီး မည်သာ ဖြစ်လေသည်။ တစ်ချိန်က ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သော အကြွင်းမဲ့ အာဏာပိုင်နိုင်ငံများ (ဥပမာ-ဆိုဗီယက်ကွန်မြူနစ်၊ နာဇီဂျာမနီ၊ အီတလီ ဖက်ဆစ် စသည်ဖြင့်) အတွင်း ပညာရေးအခြေအနေသည် ဆိုးရွားသော ပုံစံသွင်းမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ယင်းအခြေအနေအတွင်း စာသင်သားတို့သည် လူသား၏ အခြေအနေအတိုင်း ဖြစ်ခွင့်မရဘဲ အ,ဓမ္မပုံသွင်းခြင်း ခံခဲ့ရပါသည်။ ယင်းအဖွဲ့အစည်းများ၏ ပညာပေးမှုမှာ စစ်မှန်သော လူသားတစ်ယောက် ဖြစ်ရန်ထက် ၎င်းတို့အလိုကျ နိုင်ငံသားတစ်ယောက်ဖြစ်ရန်ကို ပို၍ အလေးထားလေသည်။ ဤအခြေအနေအတွင်း လူသား၏ ရွေး ချယ်ခွင့်၊ စုံစမ်းစစ်ဆေးခွင့်နှင့် ပြန်လည်ချေပခွင့်များ ဆုံးရှုံးနစ်နာခဲ့ရပါသည်။

ရူးဆိုးကမူ ပညာရေးသည် စစ်သားတစ်ယောက် (သို့မဟုတ်) တရားသူကြီး (သို့မဟုတ်) ပုပ်ရဟန်းဖြစ်လာစေရန် မဟုတ်ဘဲ လူသားစစ်စစ် တစ်ယောက် ဖြစ်စေရန် ဆောင်ရွက်ရမည်ဟု ဆိုပါသည်။ လူသားတစ်ယောက် အဖြစ် သေချာပြီးမှသာလျှင် မိမိနှင့်လျော်ညီသော သက်မွေးဝမ်းကျောင်းနှင့် နိုင်ငံသားဘဝကို ရွေးချယ်စေရပါမည်။ ပညာရေး၏ အခြေခံရည်မှန်းချက်မှာ လူဆန်သောလူတစ်ယောက် ဖြစ်လာစေရန်ပင် ဖြစ်သည်။ ရပ်ဆယ်ကလည်း လူဆန်သောလူ တစ်နည်းအားဖြင့် ရည်မွန်ယဉ်ကျေးသူသည် အသိဉာဏ်ပညာဖြင့် ပြည့်စုံခြင်း၊ သနားကြင်နာမှုရှိခြင်း၊ လောက၏ ကောင်းမှု, ဆိုးမှု, တရားမျှတမှု, မမျှတမှုတို့ကို သိရှိ၍ အမှန်တရားအပေါ်တွင် သစ္စာခံခြင်း၊ မိမိ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ ကောင်းကျိုးချမ်းသာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လိုစိတ်ရှိခြင်းတို့ဖြင့် ပြည့်စုံနေမည်ဟု ဆိုပါသည်။ ထို့ကြောင့် လူသားအား ပညာပေးရာ၌ သူ၏ ဗီဇစိတ်များအလိုက် လေ့လာသင်ယူတတ်စေရန် လမ်းဖွင့်ပေးခြင်း၊ ပုံသေဖြစ်သော စံနှုန်းများအစား လွတ်လပ်သော အတွေးအခေါ် ကြံဆမှုများဖြင့် ရွေးချယ်စေခြင်း၊ သင်ယူမှု၊ လက်ခံမှု၊ တုံ့ပြန်မှု စသည့် စွမ်းရည်များအား မြှင့်တင်ပေးခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ရပါမည်။

အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းဟူသည် အဖွဲ့ဝင် လူသား တစ်ဦးချင်းစီ၏ စုပေါင်းရှင်သန်ရာ အဆောက်အအုံတစ်ရပ် ဖြစ်ပါသည်။ လူသားတစ်ဦးချင်းစီ၏ စိတ်ပိုင်း, ရုပ်ပိုင်းဖွံ့ဖြိုးပါမှ ယင်းအစုအဝေးသည်လည်း တိုးတက်စည်ပင်လာမည် ဖြစ်သည်။ မိမိလူ့အဖွဲ့အစည်း ပစ္စုပ္ပန်လိုအပ်ချက်နှင့် နိုင်ငံရေးစံညွှန်းတစ်ခုခုကို အစွဲပြုလေ့ကျင့်ပေးပြီး လူတန်းစားညှိလျှင်လည်း ဆိုးရွားသော အဖြစ်အပျက်များနှင့်သာ ရင်ဆိုင်ရမည်ကို သမိုင်းအဖြစ်အပျက် များက သက်သေခံလျက်ရှိပါသည်။ ပညာရေးသည် မျက်မှောက်ဘဝ၊ မျက်မှောက်ခေတ် အခြေအနေအရပ်ရပ်ကို ကျော်လွှားရုံသာမက မသဲမကွဲ ဖြစ်နေသော အနာဂတ် အလားအလာများအတွက်ပါ အသင့်ဖြစ်စေရပါမည်။ ထို့ ကြောင့် လူသားတစ်ဦးစီအား မိမိအဖွဲ့အစည်း၏ ပုံစံခွက်ထဲ ရိုက်သွင်းခြင်း ထက် ယင်းလူသားတို့၏ အတွေးအခေါ် အကျင့်အကြံများအား ပေါင်းစည်း ဆောင်ရွက်မှသာလျှင် လူ့အဖွဲ့အစည်းသည် တိုးတက်ထွန်းကားလာမည် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ပညာရေးနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သော လူ့အဖွဲ့အစည်း၏ အနေအထားကို သတိပြုရပေမည်။ လူ့ယဉ်ကျေးမှု ရှေးဦးကာလများတွင် လူသားအား ပညာပေးရာတွင် လူ့အဖွဲ့အစည်းက တိုက်ရိုက်ပါဝင် ဆောင်ရွက်ခြင်းမျိုး မရှိသေးပေ။ အနောက်တိုင်း ဂရိယဉ်ကျေးမှုအတွင်း ပလေတို၏ အကယ်ဒမီ၊ အရစ္စတိုတယ်၏ လိုင်စီယမ်နှင့် ဆိုးဖစ်တို့၏ နှုတ်မှုပညာသင် ကျောင်းများကို လည်းကောင်း၊ တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှုအတွင်း ပညာရှင်များနှင့် ဒိသာပါမောက္ခများ၏ ပညာသင်ကျောင်းများကိုလည်းကောင်း၊ အစောဆုံးပုဂ္ဂလစာသင်ကျောင်းများအဖြစ် တွေ့မြင်ရပါမည်။ ယင်းအခြေအနေအတွင်း လူ့အဖွဲ့အစည်းတိုင်း လိုလိုတွင် အုပ်ချုပ်သူ အထက်တန်းလွှာများ၊ သာမန်ပြည်သူများ၊ ကျွန်များဟူ၍ ယေဘုယျ ခွဲခြားနိုင်ရာ ပညာရေးဟူသည် အုပ်ချုပ်သူ၊ အထက်တန်းလွှာများသာ ဆွတ်ယူစားသုံးနိုင်သော အခွင့်အလမ်းတစ်ရပ်သာ ဖြစ်ခဲ့သည်။ သာမန်ပြည်သူများသည်လည်း အသက်မွေးဝမ်းကျောင်းသက်သက်နှင့်ဆိုင်သော ပညာရပ်များကိုသာ ပုံစံတကျမဟုတ်သော လေ့လာခွင့်သာ ရှိလေသည်။ အားလုံး အတွက် ပညာရေးဟူသည့် အယူအဆကို အရစ္စတိုတယ်က စတင်ဖော်ထုတ် ခဲ့သော်လည်း လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် လူ့ယဉ်ကျေးမှု မျက်နှာစာအတွင်း အမှောင်ခေတ် ကုန်ဆုံးသည်အထိ ပညာရေးအစီအစဉ် အရပ်ရပ်ကို နိုင်ငံတော် (သို့မဟုတ်) လူ့အဖွဲ့အစည်းက တာဝန်ယူမှု မရှိဟူ၍ သတ်မှတ်နိုင်ပါသည်။

သို့ရာတွင် လူတို့သည် မသိမှု (သို့မဟုတ်) ရိုင်းစိုင်းခြင်းမှ သိမှု (သို့ မဟုတ်) ယဉ်ကျေးခြင်းသို့ ကူးပြောင်းလာခဲ့ပါသည်။ လူတို့၏ အသိပညာ နှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ တိုးတက်မြင့်မားမှသာ လူ့အဖွဲ့အစည်း၏ တိုးတက်မြင့်မားခြင်းကို ဖြစ်စေမည်ဟု နားလည်လာကြပြီး ပညာရေးအစီအစဉ် အရပ်ရပ်ကို နိုင်ငံတော် (သို့မဟုတ်) လူ့အဖွဲ့အစည်းများက တာဝန်ယူဆောင် ရွက်လာကြသည်ကို တွေ့မြင်ရပါမည်။ ယင်းအတွက်ကြောင့်ပင် လူတို့၏ ပညာရည်သည်လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ အခြေအနေအရပ်ရပ်သည် လည်းကောင်း တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ယခုကဲ့သို့ ပညာရေးအားဖြင့် ယှဉ်ပြိုင်နေသော ကမ္ဘာကြီးတွင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပညာရေးပြုစု စောင့်ရှောက်မှုသည် ပို၍ အရေးကြီးလာပါသည်။

ပညာရေးပြုစုစောင့်ရှောက်မှုဆိုရာ၌ ဆိုးရွား၍ အပြစ်ရှိသော စွက်ဖက်မှုများကို ရှောင်ရှားရပါမည်။ ဆိုလိုသည်မှာ လူ့အဖွဲ့အစည်းသည် ယင်း၏ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးစည်ပင်မှု၊ ပျော်ရွှင်သုခ ခံစားနိုင်မှုတို့အတွက် ပညာရေး အစီအစဉ်ကို အထောက်အပံ့ပေးရပါမည်။ ဤနေရာတွင် ငွေကြေးအားဖြင့် လည်းကောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ တည်ထောင်ပေးခြင်းအားဖြင့် လည်းကောင်း၊ ကိရိယာတန်ဆာပလာ၊ စာအုပ်စာတမ်းနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးခြင်းအားဖြင့်သော် လည်းကောင်း ထောက်ပံ့ပေးရသည့်အတွက် ပညာရေးနှင့်ဆိုင်သော ကိစ္စအဝဝကို ချုပ်ကိုင်ရန် ကြိုးစားပါက ဆိုးရွား၍ အပြစ်ရှိသော စွက်ဖက်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ ပညာရေးလုပ်ငန်းဟူသည် ၁ဝ ပေပတ်လည် အခန်းကျဉ်းထဲ၌ပင် ဆောင်ရွက်၍မရ ဆိုသည်ကို လူ့အဖွဲ့အစည်းအသီးသီးရှိ ဦးဆောင်ဦးရွက်ပြုသူများက နားလည်သဘော ပေါက်လာကြပြီ။

ထို့ကြောင့် လူ့အဖွဲ့အစည်း၏ အဓိကတာဝန်မှာ စောင့်ရှောက်၍ လမ်းဖွင့်ပေးခြင်း၊ တစ်နည်းအားဖြင့် ထောက်ပံ့၍ လွတ်လပ်စေခြင်းပင် ဖြစ် သင့်သည်။ လူ့အဖွဲ့အစည်း၏ ပညာရေးဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သည်လည်းကောင်း၊ ပညာရှင်များဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သည် လည်းကောင်း၊ ပညာရှင်များသည်လည်းကောင်း၊ စာသင်သားများနှင့် လူ့အဖွဲ့ အစည်းဝင်အားလုံးသည် လည်းကောင်း မဖြစ်မနေ အချုပ်အချယ်ကင်းရန် လိုပါသည်။ အချုပ်အချယ်ကင်းရန် ဆိုသည်မှာ ပုဂ္ဂလဓိဌာန်သက်သက် မဟုတ်ဘဲ အမှီအခိုကင်းသော စုစည်းမှုဖြင့် ပူးပေါင်း ဆောင်ရွက်ကြရပါမည်။ ယင်း၏ အကျိုးဆက်အားဖြင့် လူသားတစ်ဦးချင်းစီ၏ စိတ်ဝင်စားမှုများ (ဥပမာ-အနုပညာ၊ အတွေးအခေါ် နိုင်ငံရေး၊ သိပ္ပံနည်းပညာ စသည်ဖြင့်) တိုးတက် ဖွံ့ဖြိုးလာပြီး ပညာရေးဗဟုဝါဒ (သို့မဟုတ်) အထွေထွေပညာရေး အားဖြင့် လူ့အဖွဲ့အစည်းသည်လည်း တစ်ပြိုင်နက် တိုးတက်လာမည် ဖြစ်လေသည်။

သို့မှလည်း ပညာရေးနှင့်ပတ်သက်၍ အများ၏ လိုအပ်ချက်များကို သိရှိခြင်း၊ အများ၏ ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ လူ့အဖွဲ့အစည်း၏ ကောင်းကျိုးချမ်းသာနှင့် အနာဂတ် အလားအလာများအတွက် အတွေးသစ် အမြင် သစ်များ ရှာဖွေနိုင်ခြင်း စသည့် တန်ဖိုးရှိ အရာများအား လက်ဆင့်ကမ်း ဆောင်ရွက်နိုင်မည် ဖြစ်လေသည်။ အချုပ်အားဖြင့်ဆိုသော် ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ မောင်းနှင်အားဖြစ်ပြီး လူ့အဖွဲ့အစည်းသည်လည်း ပညာရေး၏ အားဖြည့်စွမ်းအင်တစ်ရပ် ဖြစ်ကြောင်း တင်ပြဆွေးနွေးရပါသည်။

မှတ်ချက်။ ။ ဤစာတမ်းကို ပညာရေး ဒဿန ရှုထောင့်မှ လေ့လာ တင်ပြပါသည်။

(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)

သူရိန်ထက်လင်း

The Tanintharyi Times