“တရုတ် ၊ ရုရှား အားကိုး နဲ့ ရက်စက် သထက် ရက်စက်လာတဲ့ မြန်မာစစ်တပ်”

“တရုတ် ၊ ရုရှား အားကိုး နဲ့ ရက်စက် သထက် ရက်စက်လာတဲ့ မြန်မာစစ်တပ်”

Photo - Japan Times

မြန်မာနိုင်ငံမှာ ဆယ်စုနှစ် သုံးခု အတွင်း ပထမဆုံးအကြိမ် သေဒဏ်ပေးခြင်းအဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင်လက မြန်မာ့စစ်ကောင်စီက တက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်လိုက်ပါတယ်။

ဒီလို လုပ်ရပ်မျိုးကို အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ပေမယ့် တရုတ်နဲ့ ရုရှား တို့ကတော့ နှုတ်ဆိတ်နေခဲ့ကြပါတယ်။ အခုဆိုရင် စစ်အစိုးရက သေဒဏ်စီရင်ခြင်းကို လွယ်လင့်တကူ ပြုလုပ်လာပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း အငြိမ်းစား စစ်ဗိုလ်တစ်ဦးကို ပစ်ခတ်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တက္ကသိုလ်ကျောင်းသား ၇ ဦးကို လျှို့ဝှက်စစ်ခုံရုံးတစ်ခုက သေဒဏ်ချမှတ်ခဲ့ပြီး ဒီပြစ်ဒဏ်ဟာ ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်သွားနိုင်ချေ ရှိနေပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီးကတည်းက အကျဥ်းသား ၁၃၀ ကျော်ဟာ ကြိုးတိုက်ထဲမှာ ဖမ်းဆီးခံထားရသလို ‌သူမကိုလည်း လက်ရှိအချိန်မှာ ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ထားပြီပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာစစ်တပ်က ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့အတွက် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို ပိုပို သုံးလာတာကြောင့် နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ အပယ်ခံနိုင်ငံတစ်ခု ဖြစ်သွားမလားဆိုတာ စိုးရိမ်စရာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ရပ်တန့်ရေးနဲ့ နိုင်ငံ‌ရေးအကျဥ်းသား အားလုံး လွှတ်ပေး‌ရေး တောင်းဆိုဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။

သို့ပေမဲ့ အီရန်၊ မြောက်ကိုရီးယား စတဲ့ စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မတုန်မလှုပ်ပုံ၊ ကမ္ဘာ့အင်အားကြီးတွေကို မထီမဲ့မြင်လုပ်နေပုံတွေကို တွေ့မြင်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို လိုက်လျောမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ မဲပေးဆုံးဖြတ်ချက်တိုင်းမှာ ကြားနေ အဖြစ် တရုတ်၊ ရရှားနဲ့ အိန္ဒိယ တို့ရဲ့ ရှောင်ထွက်နေမှုဟာ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို သွယ်ဝိုက်ထောက်ခံရာ ရောက်နေပါတယ်။

အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး ရစ်ချက်ဟိုဆေး (Richard Horsey) က “တကယ်လို့မင်းဘက်မှာ အိန္ဒိယ အမြဲရှိနေပြီး မင်းကို နည်းနည်းအမြင်စောင်းပေမဲ့ ရန်သူမဖြစ်ချင်တဲ့ အိမ်နီးချင်း တရုတ်တို့ ရှိမယ်ဆိုပါစို့။ ပြီးတော့ မင်းဘာလုပ်လုပ် အမြဲတမ်း အားပေးအားမြှောက် လုပ်ပေးမဲ့ ရရှားကိုပါ ရထားမယ်ဆိုရင် မင်းအတွက် အခြားဘာတွေ ပူပန်နေတော့မှာလဲ။ ဘာကိုမှ ဂရုမစိုက်ဘဲ ထင်တိုင်းကြဲနေနိုင်ပြီလေ” လို့ ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ပြန်လည် ထွက်ခွာသွားခြင်းဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေတာမှန်ပေမယ့် စီးပွားရေး ဝရုန်းသုန်းကား ဖြစ်နေချိန်မှာတောင် အမြတ်များစွာရတဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှု ကဲ့သို့ စီးပွားရေး အကျိုးအမြတ် တောင်ပုံရာပုံကို မြန်မာစစ်တပ်က လက်ဝါးကြီး အုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေဟာ ယူကရိန်းနိုင်ငံကို အားစိုက် ပံ့ပိုးနေရတာကြောင့် မြန်မာကို နိုင်ငံတကာ ဝိုင်းဝန်းကူညီမှုတွေ ရောက်လာနိုင်ဖို့ ခဲယဥ်းနေပြီး သံတမန်ရေး ကြိုးပမ်းမှုတွေလည်း ထိရောက်မှု မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကိစ္စအပေါ် တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့ပါဘူး။

၂၀၀၇ ခုနှစ် ကတည်းက အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာနေသူတစ်ဦးဖြစ်တဲ့ မဲလ်ဘုန်းမြို့ရှိ La Trobe တက္ကသိုလ်ရဲ့ တွဲဘက် သုတေသနသီ Hunter Marston က “နိုင်ငံတကာ သဘောတူညီရေးတို့ ပြင်ပဖိအားတို့ကို မြန်မာစစ်တပ်က သိပ်ဂရုစိုက်တာ မဟုတ်ဘူးဗျ။ စီးပွားရေး သိသိသာသာ ယိုယွင်းနေတာ အများအမြင်ပဲလေ။ သူတို့ ရမ်းကားနေတာတွေကို ရပ်တန့်ဖို့ အခြားနိုင်ငံက တပ်တွေ မပို့ပေးသရွေ့ သူတို့ကို ဘယ်နည်းနဲ့မှ တားလို့ရမှာမဟုတ်ဘူး” လို့ မှတ်ချက်ပေးပါတယ်။

“မြန်မာစစ်တပ်နဲ့ ခိုင်မာသော ဆက်ဆံရေးများ”

စစ်ကောင်စီရဲ့ ရုတ်တရက် သေဒဏ်စီရင်ခြင်းက ‌လူမျိုးစု လက်နက်ကိုင် အုပ်စုတွေအပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ ၎င်းရဲ့ ဖိအားများစွာကို လျှပ်တပြက် လှစ်ဟပြလိုက်သလို ဖြစ်နေပါတယ်။ စစ်ကောင်စီဟာ အချက်အချာကျတဲ့ မြို့ကြီးတွေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ငြိမ်ဝပ်ပိပြားအောင် ထိန်းချုပ်ထားနိုင်ကြောင်း မြန်မာပညာရှင် အဖွဲ့တစ်ခုက အသိပေးထားပါတယ်။

ဒီလို အထိအခိုက်များလာတဲ့အခါ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားကိုးပါတော့တယ်။ အောက်တိုဘာလက လူမျိုးစု လက်နက်ကိုင်တွေ စီစဥ်တဲ့ ဖျော်ဖြေပွဲတစ်ခုကို လေကြောင်းကနေ ဗုံးကြဲရာက ပြည်သူ ၆၀ ကျော် သေဆုံးရတာကြောင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက “အရပ်သားတွေအပေါ် ဒုက္ခမျိုးစုံပေးပြီး ပျက်စီးစေခြင်း” လို့ အပြစ်တင်ခဲ့ကြပါတယ်။

ဒါတင်မကဘဲ စီးပွားရေးအခြေအနေကိုလည်း ချွတ်ခြုံကျအောင် စစ်ကောင်စီက အားထုတ်ထားပါသေးတယ်။ မနှစ်က ၁၈ ရာခိုင်နှုန်း ကျဆင်းသွားတဲ့ စီးပွားရေး ‌အနေအထားကနေ ဒီနှစ်မှာ ငွေကြေးဖောင်းပွမှု တိုးသထက်တိုးလာတဲ့ အပြင် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာပြီး နိုင်ငံခြားအရန်ငွေ ကျုံ့သွားခြင်းတွေကို အထင်အရှား တွေ့မြင်နေရပါတယ်။

သိသာတဲ့ အချက်အနေနဲ့ လက်ရှိဘဏ္ဍာရေးနှစ် ပထမ ၈ လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁.၄၆ ဘီလီယံသာခွင့်ပြုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၆.၄ ရာခိုင်နှုန်း ကျဆင်းလာတာပဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် တရုတ်နဲ့ ရုရှားက စစ်ကောင်စီအတွက် သိသိသာသာ အရေးပါနေတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာ့ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပြီး မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေပါတယ်။

ဒီနှစ်အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်က နှစ်နိုင်ငံ ဆက်ဆံရေးတည်တံ့ခိုင်မြဲနေဆဲဖြစ်ပုံကို “ကျောက်တုံးကျောက်သားတွေလို ခိုင်မာပြီး မပြိုကွဲနိုင်တဲ့ ဆက်ဆံရေး” လို့ အမွှမ်းတင်ခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကဲ့သို့သော စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ချီးကျူးစကားဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းတွေ ဘယ်လောက်အထိ တာသွားနေပြီလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဝန်ကြီးဌာနတွေက ဖော်ပြထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေအရ ယခုနှစ် ဘဏ္ဍာရေးနှစ်မှာ တရုတ်နိုင်ငံက ကန်ဒေါ်လာသန်း ၁၀၀ အောက်သာ ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစာရင်းရဲ့ ထိပ်ဆုံးမှာ စင်ကာပူနိုင်ငံ ရှိနေပါတယ်။

ယခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှခရီးစဥ် နှစ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး ဗလာဒီမာပူတင်ကိုလည်း “ကမ္ဘာ့ခေါင်းဆောင်” အဖြစ် ချီးကျူးပြောကြားခဲ့ပါတယ်။ ၎င်းတို့ ဆက်ဆံရေး ရေရှည်တည်တံ့ဖို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုး ထားကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Nikolay Listopadov က ပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံတကာ ဖိအားတွေဟာ အကျပ်အတည်း ပိုမိုဆိုးရွားတဲ့ လားရာဆီကိုပဲ ဦးတည်စေမှာလို့ ပြောကြားခဲ့ပြီး “ရုရှားက အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဘယ်သောအခါမှ ပါဝင်ပတ်သက်ခြင်းမရှိဘူး။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့တော့ ထောက်ခံပါတယ်” လို့ ပြောကြားထားပါတယ်။

ဒီလိုမျိုး ရုရှားနဲ့ တရုတ်ဆီက ထောက်ခံမှု ရနေသ၍ မြန်မာစစ်တပ်ဟာ ယခင်အစိုးရ အဆက်ဆက်ထက် သာလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ပစ်နိုင်ချေ သိပ်နည်းပါတယ်။

စင်ပြိုင် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက “တရုတ်နဲ့ ရုရှား ဆိုတာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆိုတာတွေထက် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ အာရုံစိုက်တဲ့ နိုင်ငံတွေလေ၊ သူတို့က စစ်ကောင်စီနဲ့ ဆွေးနွေးတယ်ဆိုတာ မြန်မာနဲ့တွဲပြီး အကျိုးအမြတ်ရှာတဲ့ ရေရှည်စီမံကိန်းကြီးတွေမှာ လက်ဦးမှု ရထားချင်လို့ပဲ” လို့ ဆိုပါတယ်။

“အာဏာလုယူခံခဲ့ရသူ”

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၈ လကြာ ရုံးတင်စစ်ဆေးမှု အပြီးမှာ ထောင်ဒဏ်ကို ၃၃ နှစ်အထိ တိုးမြှင့်ချမှတ်လိုက်ပါတယ်။

သောကြာနေ့က အထူးတရားရုံးမှာ သူမရဲ့ အစိုးရသက်တမ်းအတွင်း အကျင့်ပျက်ခြစားမှု စွဲချက်ငါးခုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒီအတွက် နောက်ထပ် ထောင်ဒဏ် ၇ နှစ် ထပ်တိုးလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး စစ်ကောင်စီက လူပေါင်း ၂၆၀၀ ကျော် သေဆုံးစေခဲ့တာကြောင့် အမေရိကန်က စစ်တပ်ကို အရေးယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နိုင်ငံအတွင်းက လူ ၅၅ သန်းရဲ့ အသက်အန္တရာယ်ကို အသိကြီးကြီးထား ကိုင်တွယ်နေရသလို အနောက်နိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကလည်း အကန့်အသတ်နဲ့သာ ရနေတာကြောင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေကိုပဲ ဦးစားပေးနေရပါတယ်။

ဒါ့ကြောင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ နဲ့ လက်တွဲကာ စစ်ကောင်စီအပေါ် ဖိအားပေးရန် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

သြစတြေးလျ အပါအဝင် ဒေသတွင်းရှိ အမေရိကန်ရဲ့ အင်အားကြီး လုံခြုံရေး ဆိုင်ရာ မဟာမိတ်တွေဟာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ငြင်းဆိုကြပြီး ထိုအစား ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားဖို့ အားပိုသန်ကြပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနဲ့ ခိုင်မာတဲ့ စီးပွားရေး အချိတ်အဆက်တွေ ဆက်လက်ထားရှိသလို အိန္ဒိယနိုင်ငံကလည်း စစ်အစိုးရနဲ့ အဆက်အသွယ်ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့လက မြန်မာက နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဟောင်းဖြစ်သူ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) နဲ့ ဂျပန်ရုပ်ရှင်ဒါရိုက်တာ တိုရု ကူဘိုတာ (Toru Kubota) တို့ ပါဝင်ပါတယ်။

“ဒါဟာ အစိုးရတွေရဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကနေ ရလာတဲ့ နောက်ဆုံးအသီးအပွင့်တွေပဲလို့ မြင်သာပါတယ်” လို့ စင်ကာပူနိုင်ငံရှိ ယုဆွပ် အစ်စ်ရှက် အရှေ့တောင် အာရှ လေ့လာရေး သိပ္ပံကျောင်း ISEAS-Yusof Ishak Institute ရဲ့ မြန်မာနိုင်ငံသား သုတေသီ ဒေါ်မိုးသူဇာက ပြောပါတယ်။

သူမက ဆက်လက်ပြီး “ဒါပေမယ့် သေဒဏ်ချမှတ်ခံရသူတွေက မြန်မာနိုင်ငံသားတွေချည်းပဲလေ။ ဒါကြောင့် ကျွန်မတို့ ပိုသတိထားဖို့ လိုတာပေါ့” လို့ သတိပေးစကား ပြောပါတယ်။

(The Japan Times မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖော်ပြခဲ့တဲ့ “Shielded by Russia and China, Myanmar junta turn more brutal” ဆောင်းပါးကို Connect Burma က ဘာသာပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times