တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်လုံခြုံမှုရှိဖို့ တရုတ် တိုက်တွန်း

တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်လုံခြုံမှုရှိဖို့ တရုတ် တိုက်တွန်း

ပုံစာ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း

တရုတ်-မြန်မာ နယ်စပ်ဒေသတွေ လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ စီမံဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တရုတ်ဘက်ကတိုက်တွန်းလိုက်တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လ ၃၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ထင်မြင်သုံးသပ် ချက်ကို သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းကို မေးမြန်းချိန်မှာ အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်နိုင်သမျှမြန်မြန် အပစ်အခတ်ရပ်စဲဖို့၊ ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ မတူကွဲပြားမှုတွေကို အဖြေရှာဖို့၊ တင်းမာမှုအရှိန်မြင့် တက်လာတာကို ရှောင်ရှားနိုင်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ဒေသတွေ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ စီမံဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းကြောင်း ဝမ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ထည့်ပြောခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့ ပြီးခဲ့တဲ့လ ၂၇ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ မော်နင်းက အပစ်ခတ်ရပ်စဲပြီး တိုင်ပင်ညှိနှိုင်းမှုတွေတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ ပြောဆိုခဲ့ဖူးပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်မတော်) MMDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ စစ်ဆင်ရေးကာလ တစ်ပတ်အတွင်း မြို့သုံးမြို့နဲ့ တပ်စခန်း ၈၀ ကျော်သိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား – Xinhua

The Tanintharyi Times