ဆလိုင်းတင်မောင်ဦး (သို့) မေ့လျော့နေခဲ့သော အာရှတိုက်၏သူရဲကောင်း (အောင်ထူး)
ဆလိုင်းတင်မောင်ဦး (သို့) မေ့လျော့နေခဲ့သော အာရှတိုက်၏သူရဲကောင်း (အောင်ထူး)
၂၀၁၀ ခုနှစ်၊ နိုင်ဝင်ဘာလမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာခဲ့တယ်။ အဲဒီသတင်းကို ဝမ်းပမ်းတသာ ကြည့်ရှုနေကြသူတွေထဲမှာ ကနေဒါနိုင်ငံရောက် မြန်မာမိသားစုတစ်စုလည်း ပါဝင်ပါတယ်။
ကောင်းချီးဩဘာပေးနေတဲ့ လူအုပ်ကြီးကြားမှာ ပြုံးရွှင်နေတဲ့ သူမပုံရိပ်ကို ကြည့်ပြီး တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ သူတို့မိသားစုဝင်တစ်ဦးကို သတိရလွမ်းဆွတ်တဲ့ ဝေဒနာဟာ အသစ်တဖန် မွေးဖွားခဲ့ပြန်တယ်။
၁၉၇၄ ကနေ ၁၉၇၆ ခုနှစ်အထိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သူ။ ကျောင်းသားထုနဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းသော လှုပ်ရှားမှုတွေကို ရဲစွမ်းသတ္တိအပြည့်နဲ့ ဦးဆောင်ခဲ့သူ။
ချင်းလူမျိုးတစ်ယောက်ဖြစ်ပေမယ့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးစုအသီးသီး၊ လူတန်းစား အသီးသီးတို့ စစ်ဖိနပ်အောက်ကနေ လွတ်မြောက်ဖို့ ဘဝတစ်ခုလုံး ပုံပေးပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်။
ကွပ်မျက်ခံရတော့မယ့်ဆဲဆဲ ကြိုးစင်ပေါ် ရှိနေချိန်မှာတောင် “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ” လို့ ရဲရဲဝံ့ဝံ့ ဟစ်ကြွေးရင်း အသက်စွန့်သွားသူ။
မိသားစုအပေါ် အလွန်သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်ပေမယ့် လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းအတွက် မိသားစု သံယောဇဉ်ကို မျက်ကွယ်ပြု စွန့်လွှတ်ရဲသူ။ သူ့မိသားစုခမျာ သူ့အတွက် ဒုက္ခရောက်ရ၊ သောကပင်လယ်ဝေရပေမယ့် နောက်ဆုံးအချိန်အထိ ယုံကြည်ချက်အပေါ်မှာ တိမ်းစောင်းဝေဝါးခြင်းမရှိသူ။
မြန်မာပြည်သူတို့ရဲ့ သူရဲကောင်း။ အာရှတိုက်ရဲ့ သူရဲကောင်း။ “ဆလိုင်းတင်မောင်ဦး”။
ဆလိုင်းကိုတင်မောင်ဦးဟာ ၁၉၇၆ ခုနှစ် ဇွန်လ(၂၆) ရက်နေ့မှာ စစ်အာဏာရှင်က ရက်ရက်စက်စက် ကြိုးပေးကွပ်မျက်တာ ခံလိုက်ရပါတယ်။ အခုဆိုရင် ကိုတင်မောင်ဦး ကျဆုံးသွားတာ နှစ်ပေါင်း (၄၀) ကျော် ရှိခဲ့ပြီ။ အခုအချိန်ထိ သူ့အတွက် တရားမျှတမှု မရသေး။ ကိုတင်မောင်ဦးအပါအဝင် တရားမျှတမှု ဆုံးရှုံးခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေ၊ မိသားစုတွေအနေနဲ့ တရားမျှတမှု ပြန်လည်ရရှိရေးဟာ အရေးကြီးပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်က နိုင်ငံရေး ခေါင်းဆောင်တွေဟာ “ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး” ကို အားသွန်ခွန်စိုက်ကြိုးစား ခဲ့ကြတယ်။ “အမျိုးသား ရင်ကြားစေ့ရေး” ၊ “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ခွင့်လွှတ်ခြင်းတရားကို လက်ကိုင်ထားတဲ့ ချဉ်းကပ်မှုပုံစံကြောင့် ပြစ်မှုကျူးလွန်ထားကြတဲ့ ရာဇဝတ်ကောင်တွေဟာ အေးအေးသက်သာနဲ့ လွတ်ငြိမ်းခွင့် ရနေကြတယ်။
ပြစ်မှုကျူးလွန်တဲ့သူတွေအပေါ် ဘာတစ်ခုမှ အရေးယူခြင်းမျိုး မရှိပဲ ခွင့်လွှတ်တာဟာ ကျူးလွန်ခံရသူတွေရဲ့ အခွင့်အရေးကို လုံးဝမျက်ကွယ်ပြုရာ ရောက်ပါတယ်။ အကြမ်းဖက်ပဋိပက္ခ ဖြစ်မှာကို စိုးရိမ်ပြီး မတရားပြုမှု မှန်သမျှကို ငုံ့ခံနေသရွေ့ အာဏာရှင်တွေ သက်ဆိုးရှည်နေဦးမှာပါ။ တိုင်းပြည်အာဏာကို မတရားရယူထားတဲ့ စစ်အာဏာရှင်တွေနဲ့ ပြေလည်ဖို့အရေးကိုပဲ အဓိကထား ဦးတည်ကြိုးပမ်းနေသမျှ ကာလပတ်လုံး လူ့အဖွဲ့အစည်းမှာ တရားမျှတမှု ဆုံးရှုံးနေဦးမှာပါပဲ။
ပြစ်မှုတွေကို ကျူးလွန်ဖို့ စီစဉ်သူတွေ၊ ညွှန်ကြားသူတွေ၊ ပြစ်မှုကျူးလွန်ကြသူတွေ စတဲ့ စစ်ရာဇဝတ်ကောင်တွေကို အရေးမယူနိုင်ဘူးဆိုရင် လူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းဖို့ဆိုတာ အလှမ်းကွာဝေးနေဦးမှာပါ။ ဥပဒေစိုးမိုးရေး ဆိတ်သုဉ်းနေသရွေ့ စစ်မှန်တဲ့ “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
ပြစ်မှုကျူးလွန်ထားသူတွေ လွတ်ငြိမ်းခွင့် ရနေသေးသမျှ နောက်ထပ်ပြစ်မှုတွေကို ထပ်မံကျူးလွန်ဖို့ အခွင့်အရေးပေးထားသလို ဖြစ်နေပါတယ်။ ၂၀၂၁ မှာ အကြမ်းဖက်စစ်တပ်က တဖန်အာဏာပြန်သိမ်းလိုက်တဲ့ လုပ်ရပ်က သက်သေပါပဲ။
ပြစ်ဒဏ်ကင်းလွတ်တဲ့ အလေ့အထ ပျောက်ကွယ်သွားအောင် ကြိုးစားရမှာ ဖြစ်ပြီး၊ ပြစ်မှုအလျောက် ပြစ်ဒဏ်ကျခံစေမှုကသာ တကယ့်စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စေပါတယ်။ မတရားမှု ခံခဲ့ရသူ၊ နစ်နာဆုံးရှုံးခဲ့သူအတွက် တရားမျှတမှုကို ဆောင်
ကျဉ်းပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားကြရမှာပါ။
ဒါ့အပြင် နှစ်ပေါင်းများစွာ လည်ပတ်နေတဲ့ အာဏာရှင်စနစ်ကြီးကို အမြစ်ဖြတ် ဖြိုလှဲဖို့အတွက်ဆိုရင် ကိုတင်မောင်ဦးလို သတ္တိမျိုး၊ စိတ်ဓါတ်မျိုး မွေးမြူကြဖို့ လိုပါတယ်။
အာဏာရှင်တွေဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ကွပ်မျက်လိုက်ပေမယ့် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်လိုတဲ့ သူ့စိတ်ဓါတ်အားမာန်ကိုတော့ ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်လို့မရခဲ့ပါဘူး။ သူ့စိတ်ဓါတ်၊ သူ့အားမာန်၊ သူ့ဇွဲသတ္တိတွေဟာ ပြည်သူ့ကြားမှာ ယနေ့အထိ ပျံ့နှံ့စိမ့်ဝင်နေဆဲပါ။
ကိုတင်မောင်ဦးဟာ သူ့ကို ပေးအပ်လာတဲ့ တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်နိုင်သူတစ်ဦးဖြစ်တယ်။ ရရှိလာတဲ့ ရံပုံငွေတွေကိုလည်း အလွဲသုံးစားလုပ်ခြင်း လုံးဝမရှိ။ သူရသမျှ ဘဏ္ဍာငွေအားလုံးကို တရားမျှတမှု တိုက်ပွဲအတွက် အကျိုးရှိရှိ အသုံးပြုခဲ့တယ်။
ဒါ့ကြောင့်လည်း အာဏာရှင်စနစ်ကို အမြစ်ဖြုတ်လိုကြတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေနဲ့ အခြား လှုပ်ရှားသူတွေအပါအဝင် သူ့ကိုထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိခဲ့တယ်။
တခါကပီဒီပီအဖွဲ့နဲ့ “ဖက်ဆစ်စနစ် ဆန့်ကျင်ရေး ကျောင်းသားများ သမဂ္ဂ” အဖွဲ့တို့ ပူးပေါင်းပြီး ကိုတင်မောင်ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားတခု လုပ်ခဲ့ကြတယ်။ အဲဒီအခမ်းအနားမှာ ကိုတင်မောင်ဦးက
“တော်လှန်ရေးဆိုတာ အလွန်ခက်ခဲပင်ပန်းတဲ့ လှုပ်ရှားမှုတိုက်ပွဲ ဖြစ်တာနဲ့အညီ တော်လှန်ရေးသမားတစ်ဦးဟာ အဲဒီအခြေအနေတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ထားရှိရမယ်” လို့ ရဲရဲတောက် ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို အသက်နဲ့ရင်းပြီး တွန်းလှန်ခဲ့သူ “ဆလိုင်းတင်မောင်ဦး” အကြောင်း ပြည့်ပြည့်စုံစုံ လေ့လာသိရှိချင်တယ်ဆိုရင် ဆရာ “အောင်ထူး” ရေးသားထားတဲ့ “ဆလိုင်းတင်မောင်ဦး (သို့) မေ့လျော့နေခဲ့သော အာရှတိုက်၏ သူရဲကောင်း” စာအုပ်ဟာ ဖတ်ရှုသင့်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုပါရစေရှင်။ ။
The Tanintharyi Times
