စစ်ရေယာဉ်မုတ္တမအတွက် စက်ပစ္စည်းရောင်းချခဲ့တဲ့ ဂျာမနီလုပ်ငန်းတစ်ခု စစ်ဆေးခံရ
စစ်ရေယာဉ်မုတ္တမအတွက် စက်ပစ္စည်းရောင်းချခဲ့တဲ့ ဂျာမနီလုပ်ငန်းတစ်ခု စစ်ဆေးခံရ
စစ်ကောင်စီရဲ့ စစ်ရေယာဉ်မုတ္တမအတွက် အဓိကစက်ပစ္စည်းအစိတ်အပိုင်းတွေကို တင်သွင်းရောင်းချပေးခဲ့တဲ့ ဂျာမနီအခြေစိုက် MAN Energy Solution ကုမ္ပဏီကို ဂျာမနီနိုင်ငံ အောက်စဘာ့မြို့ရှိ အစိုးရရှေ့နေတွေက ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေတယ်လို့ Suddeutsche Zeitung သတင်းစာက ဖော်ပြပါတယ်။
စစ်ကောင်စီကို အခုလို စစ်ရေယာဉ်အစိတ်အပိုင်း တင်သွင်းရောင်းချခြင်းဟာ ဂျာမနီနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဥပဒေနဲ့ ဥရောပသမဂ္ဂရဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများဆိုင်ရာ ပြဌာန်းချက်များကို ချိုးဖောက်တယ်လို့ တိုင်ကြားသူတွေဘက်က စွပ်စွဲထားပါတယ်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှု ဆောင်ရွက်နေတဲ့ Justice for Myanmar ဆီက ရရှိထားတဲ့ သုတေသန သက်သေအထောက်အထားတွေကို အသုံးပြုပြီး တရားလွှတ်တော်ရှေ့နေ Holger Rothbauer နဲ့ အတူ Greenpeace Germany အဖွဲ့က MAN လုပ်ငန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
“Greenpeace Germany ရဲ့ ရာဇဝတ်ကြောင်းအရ တိုင်ကြားချက်အပေါ် အောက်စဘာ့ရှိ ဂျာမန်အစိုးရရှေ့နေက အရေးယူဆောင်ရွက်တာကို ကြိုဆိုပါတယ်” လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
စစ်ရေယာဉ်မုတ္တမဟာ ကုန်း၊ ရေ နှစ်မျိုးသုံး တိုက်ခိုက်ရေးစစ်ရေယာဉ်ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ၊ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ အခြားစစ်လက်နက် ကိရိယာတွေ ရွှေ့ပြောင်းတဲ့နေရာမှာ စစ်ကောင်စီရေတပ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်သားတွေ၊ ဒုံးကျည်စနစ်တွေနဲ့ အမြှောက်လက်နက်ကြီးတွေ သယ်ဆောင်ခဲ့တဲ့အပြင် ပင်လယ်ပြင်စစ်ရေးလေ့ကျင်မှုမှာလည်း စစ်ရေယာဉ်မုတ္တမကို အသုံးပြုခဲ့ကြောင်း Justice for Myanmar က တွေ့ရှိထားပါတယ်။
စစ်ရေယာဉ်မုတ္တမကို တောင်ကိုးရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ မြန်မာစစ်တပ်ဆီကို လွှဲပြောင်းပေးခဲ့တာပါ။
ဂျာမနီနိုင်ငံအခြေစိုက် MAN Energy Solution ကုမ္ပဏီဟာ စစ်ရေယာဉ်ရဲ့ ပင်မပစ္စည်း အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးခဲ့ပြီး စစ်ကောင်စီ ရေတပ် တပ်ဖွဲ့ဝင်တွေကို တောင်ကိုးရီယားနိုင်ငံမှာ လေ့ကျင့်ပေးခဲ့တယ်လို့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သူ CDM ရေတပ်အရာရှိငယ် ကိုမြတ်မင်းသူဆီကနေ ရရှိတဲ့ အထောာက်အထားအရ သိရှိကြောင်း JFM က အသိပေးထားပါတယ်။
မြန်မာစစ်တပ်ဆီ စစ်ရေယာဉ်မုတ္တမကို တရားမဝင်လွှဲပြောင်းပေးခဲ့တဲ့အပေါ် ရေယာဉ်တည်ဆောက်ခဲ့တဲ့ Daesun Shipbuilding & Engineering ကုမ္ပဏီနဲ့ ကြားပွဲစားလုပ်ဆောင်ပေးခဲ့တဲ့ Posco International နဲ့ တောင်ကိုးရီယား ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ၂၀၂၁ ခုနှစ်မှာ တောင်ကိုးရီယား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး အဲဒီ စစ်ဆေးမှုက ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ JFM ကနေ သိရပါတယ်။
စစ်ရေယာဉ်မုတ္တမအတွက် စက်ပစ္စည်းရောင်းချပေးခဲ့တဲ့ MAN လုပ်ငန်းအပါအဝင် ရေဒါစက်ပစ္စည်း၊ သင်္ဘောပဲ့ထိန်းသံလိုက်အိမ်မြောင်စနစ်၊ အလိုအလျောက်မောင်းနှင်မှုနဲ့ ပဲ့ထိန်းစနစ်၊ ရဟတ်ယာဉ်ဆီဖြည့်စနစ်၊ ဦးတည်လမ်းကြောင်းကြည့်ကိရိယာ၊ ဆီစစ်ကိရီယာနဲ့ ကယ်ဆယ်ရေးလှေတွေကို ရောင်းချပေးခဲ့တဲ့ ဂျာမနီနိုင်ငံမှ ကုမ္ပဏီပေါင်း ၈ ခုရှိတယ်လို့ Justice for Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စုံစမ်းစစ်ဆေးခံနေရတဲ့ MAN Energy Solution SE ကုမ္ပဏီဟာ ရေကြောင်း၊ ရထားလမ်းတွေမှာ အသုံးပြုတဲ့ တာဘိုစက်ကြီးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဂျာမနီကားထုတ်လုပ်ရေး Volkswagen Group ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ကြောင်း ကုမ္ပဏီဝက်ဆိုက်စာမျက်နှာကနေ သိရပါတယ်။
The Tanintharyi Times
