ရန်သူတော် ‘ဆိုက်ဝါး’ကို သတိထားပါ

ရန်သူတော် ‘ဆိုက်ဝါး’ကို သတိထားပါ

Psywar (ဆိုက်ဝါး) လို့ ခေါ်ကြတဲ့ စိတ်ဓါတ် စစ်ဆင်ရေးဟာ အကြမ်းဖက် စစ်ကောင်စီဘက်က အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ စစ်မျက်နှာစာတစ်ခု ဖြစ်ပါတယ်။ စိတ်ထဲမှာ အကြောက်တရားတွေ အမြစ်တွယ်သွားအောင်၊ အားလျော့ စိတ်ဓါတ်ကျသွားအောင်၊ အသိအမြင်တွေ ဝေဝါးသွားအောင်၊ အမှန်ကို အမှားလို့ မြင်သွားအောင်၊ အမှားကို အမှန်လို့ မြင်သွားအောင် လုပ်ဆောင်တာတွေ အားလုံးဟာ စိတ်ဓါတ်စစ်ဆင်ရေးထဲမှာ အကျုံးဝင်ပါတယ်။  

ဒီလို စိတ်ပိုင်းဆိုင်ရာ ဝေဝါးထိခိုက်အောင် လုပ်တာက အခုမှ မဟုတ်ပါဘူး။ စစ်တပ် ကြီးစိုးတဲ့ အုပ်ချုပ်ရေး ကာလတစ်လျှောက် တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ နည်းလမ်းဟောင်းကြီးပါပဲ။ နည်းအဟောင်းပေမယ့် အခုချိန်ထိ ပစ်မှတ်အပေါ် သက်ရောက်မှု အားကောင်းနေဆဲလို့ ဆိုရမှာပါ။

သတိမမူမိခင်မှာပဲ ကိုယ့်စိတ်နှလုံးထဲ ထိုးဖောက်ဝင်ရောက်နေပြီ၊ ကိုယ်ဟာ ဝါဒမှိုင်းအောက် လုံးလုံးလျားလျား ဝါးမြိုခံနေရပြီ။ ငွေအင်အား လူအင်အား တစ်နင့်တစ်ပိုး အသုံးပြုထားတဲ့ စစ်ကောင်စီရဲ့ စိတ်ဓါတ်စစ်ဆင်ရေး လုပ်ငန်းကလည်း နည်းလမ်းပေါင်းစုံနဲ့ ကိုယ့်ဆီကို ရောက်လာနေတာကိုး။ ဒီတော့လည်း သတိကြီးကြီးနဲ့မှ မရှောင်ရင် အဆိပ်လူးထားတဲ့ ဝါဒမှိုင်းမျှားအောက်မှာ အသက်ပျောက်ရမယ့် ကိန်းပါပဲ။

ပြည်သူတွေနဲ့ ဒီမိုကရေစီ အင်အားစုကြား သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်ကို စစ်ကောင်စီဘိုးအေဖြစ်တဲ့ နဝတ၊ နအဖ ခေတ်ကတည်းက လက်ယဉ်ခဲ့တဲ့ အလုပ်တွေပါပဲ။ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ အမြဲတမ်းတွဲလျက် တွေ့ရပါတယ်။

၂၀၀၀ ခုနှစ် ဝန်းကျင်တုန်းကထုတ်တဲ့ နိုင်ငံပိုင် သတင်းစာထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ဆိုးဆိုး ကာတွန်းပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာပါ။ ခါးထောက်ပြီး ရန်တွေ့နေတဲ့ ပုံတွေရှိမယ်။ လောစပီကာတစ်လုံးနဲ့ ပုံဆိုးပန်းဆိုး အော်နေတာမျိုး ရှိမယ်။

အဲဒီလိုပုံတွေကိုပဲ မြင်ရပြီး တကယ့်ဒေါ်အောင်ဆန်းစုကြည် အစစ်ကို မတွေ့ဖူးတဲ့ ကျွန်မတို့ ကလေးတွေကတော့ သူမဟာ ကြောက်စရာ မိန်းမကြီးများလားလို့ စိတ်ထဲမှာ ဖြစ်မိတာပါပဲ။ အတုအယောင်ကို မြင်ပါများပြီး အစစ်အမှန်က ဖုံးကွယ်ခံထားရတဲ့အခါ ထင်ယောင်ထင်မှားစိတ်နဲ့ ဝါဒမှိုင်းထဲ အနှစ်ခံလိုက်ရတော့တယ်။

စိတ်ဓါတ်စစ်ဆင်ရေး လုပ်လို့ရတဲ့ နည်းလမ်းတွေကလည်း အရပ်ဆယ်မျက်နှာ ဆိုသလိုပဲ စုံလွန်းလှတယ်။ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ ပြဇာတ်၊ ရုပ်ရှင် စတဲ့ ကဏ္ဍပေါင်းစုံကနေ လူထုဆီကို တစ်နည်းမဟုတ် တစ်နည်းနဲ့ စီးမျောရောက်လာလေ့ ရှိတယ်။

အခုဆိုရင် နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတို့ဟာ အစွမ်းအထက်ဆုံး စိတ်ဓါတ်စစ်ဆင်ရေးလုပ်တဲ့ ယန္တရားတွေ ဖြစ်လာကြတယ်။ ဖေ့စ်ဘွတ်၊ တယ်လီဂရမ်၊ တစ်တော့ပ် စတဲ့ ချန်နယ်အမျိုးမျိုးကနေ အဆက်မပြတ် စီးဝင်လာတဲ့ အဆိပ်မှိုင်းတွေဟာ ပြည်သူတွေရဲ့ နှလုံးသားထဲ ဘယ်လောက်အထိ စီးဝင်သွားနေပါပြီလဲ။

လက်ရှိ စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေဟာ ကောင်းမွန်မှန်ကန်ကြောင်း ပြသဖို့ သတင်းတု၊ လုပ်ကြံသတင်း၊ သတင်းမှားတွေကို ဖောဖောသီသီပဲ တွေ့နေရတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ချဲ့ကားပြောဆိုတာ၊ အတုံးလိုက် အတစ်လိုက် ဝါဒဖြန့်ရေးအပြင် မသိမသာ ခပ်ပါးပါး နားသွင်းတာမျိုးလည်း ရှိပေါ့။ အချက်အလက်မှားတွေ၊ ကောလာဟလတွေ၊ တစ်ဝက်တစ်ပျက် အမှန်တရားနဲ့ ရောနှောပြီး လိမ်ညာထားတဲ့ ဇာတ်ကြောင်းတွေကိုလည်း ဖောချင်းသောချင်း ဖြန့်ချိနေလေရဲ့။

အာဏာသိမ်းအစောပိုင်းကာလ။ စစ်ကောင်စီထုတ် သတင်းစာမှာပါတဲ့ သတင်းတစ်ပုဒ်ကို ကျွန်မတို့တတွေဖတ်ပြီး ရယ်မိကြတာ မှတ်မိပါသေးတယ်။ သတင်းက ရွှေတိဂုံဘုရားမှာ ဘုရားဖူးတွေ အများအပြား လာရောက်ကြတဲ့အကြောင်း။ သုံးထားတဲ့ ဓါတ်ပုံက ပြွတ်သိပ်ကြပ်ညှပ်နေတဲ့ ဘုရားဝတ်ပြုနေသူတွေပါတဲ့ ဓါတ်ပုံ။ သာမန်ကြည့်လိုက်ရင် အမှန်လို့ ထင်စရာပါပဲ။

တကယ့်မြေပြင်မှာတော့ ဆန္ဒပြပြည်သူတွေကို ဖမ်းပွဲ၊ သတ်ပွဲ လုပ်နေတဲ့အချိန်။ တစ်မြို့လုံး အထိတ်တလန့်နဲ့ ဗုံးပေါက်ကွဲသံ၊ လက်နက်အသံတွေလည်း ဟိုနားဒီနား ကြားနေရတဲ့ကာလ။ ရွှေတိဂုံဘုရားမှာ ဘုရားတက်ဖူးသူ လုံးလုံးမရှိသလောက်ပါပဲ။ အခုသတင်းစာထဲ သုံးထားတဲ့ ဓါတ်ပုံက အရင်နှစ်တွေတုန်းကပုံကို အခုပုံပါဆိုပြီး လိမ်သုံးထားတာတဲ့လေ။

ဒီလို မသိမသာ ခပ်ပါးပါး လိမ်တာမျိုးလည်း ရှိသလို လုံးလုံးလျားလျား မျက်စိမှိတ်လိမ်တာမျိုးလည်း ရှိတယ်။ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်မှုမှာ သေဆုံးသွားရတဲ့ ကလေးတွေရဲ့ ရုပ်အလောင်းကို မြင်နေရပါလျက်နဲ့ တကယ်သေဆုံးတာ မဟုတ်ဘူး။ ဇာတ်တိုက်ပြီး သေဟန်ဆောင်ထားကြတာလို့ စစ်တပ်လော်ဘီတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖြန့်ဝေနေတာကို တွေ့မိကြမယ် ထင်ပါတယ်။

သတင်းအမှန်တင်ထားတဲ့ သတင်းတွေရဲ့ မှတ်ချက် (comment) နေရာမှာလည်း အကောင့်တုတွေက အဲဒီလို အမြင်ဝေဝါးသွားစေမယ့် ကွန်မန့်များစွာကို လေသံတူ ဝိုင်းရေးထားကြတာ တွေ့ရပါတယ်။ အကောင့်တုပေါင်းများစွာနဲ့ လေသံတူတွေပြောပြီး၊ လူတွေအများကြီးကပဲ အဲဒီအမြင်ကို လက်ခံသဘောတူနေသလိုလို စိတ်ထဲ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာဟာလည်း ပစ်မှတ်ထိစေတဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းလမ်းတစ်ခုပါပဲ။

ဝါဒမှိုင်းတိုက်လို့ အကောင်းဆုံး နောက်တစ်နည်းကတော့ ဘာသာရေးကို ဗန်းပြပြီး လုပ်ဆောင်တာပါပဲ။ ဥပမာ- ရိုဟင်ဂျာတွေကို သတ်ဖြတ်တာက ဗုဒ္ဓသာသနာကို ကာကွယ်ဖို့အတွက် ဖြစ်တယ်ဆိုပြီး လိမ်ညာတာမျိုး။

စစ်ခေါင်းဆောင်ဟာ ဘုရားဒါယကာ၊ ကျောင်းဒါယကာအဖြစ် ဘုရားတည်ပြ၊ အလှူအဒါန်းတွေ လုပ်ပြတာမျိုး။ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး သာသနာတော် စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်အဖြစ် ပုံဖမ်း၊ ဘာသာရေး အယောင်ပြပြီး သူ့ပုံရိပ်ကို အကောင်းဘက်မြင်နေအောင် ပြည်သူတွေကို လှည့်စားထားတာမျိုး။

တကယ်တမ်းကျတော့ စစ်ခေါင်းဆောင်နဲ့ အကြမ်းဖက်စစ်တပ်ကပဲ ဘာသာရေး အဆောက်အအုံတွေကို အဓိက ဖျက်ဆီးနေကြတာပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists – ICJ) ရဲ့ လေ့လာစောင့်ကြည့်မှု အစီရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ဘာသာသာသနာဆိုင်ရာ အဆောက်အအုံ (၁၉၀) ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာ တည်မြဲရေးကလွဲရင် ဘာကိုမှ ငဲ့ညှာမှာ မဟုတ်ဘူးဆိုတာ ပြည်သူတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှား ဆိုတာကို ပြတ်ပြတ်သားသား သိထားမှ အမှန်ဘက် ရပ်တည်နိုင်မှာ မဟုတ်လား။

စစ်ကောင်စီဘက်နဲ့ တော်လှန်ရေးဘက် ဘက်နှစ်ဘက်အမြင်နဲ့ ကြည့်ပြီး ငါတို့က ဘယ်ဘက်မှမပါဘူးလို့ ဆိုနေသူတချို့လည်း ရှိပါတယ်။ ဒီလူအုပ်စုကြီးဟာ နေသာသလိုနေပြီး ဘယ်သတင်း အစစ်အမှန်ကိုမှ ခြေခြေမြစ်မြစ် မလေ့လာတဲ့အတွက် စစ်ကောင်စီရဲ့ ဝါဒမှိုင်းပိုက်ကွန်ထဲ အများဆုံး အမိခံလိုက်ရတဲ့ သူတွေ ဖြစ်သွားတတ်ကြပါတယ်။ စစ်ကောင်စီဘက်ကလည်း ဦးနှောက်မှိုင်းတိုက်တဲ့ မျှားတွေပစ်တဲ့အခါ ဒီလိုကြားနေလူအုပ်ကြီးကို အဓိကပစ်မှတ်ထားလေ့ ရှိပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အပေါင်းအပါတွေကို တမင်တကာ ဝါဒဖြန့်စည်းရုံးဖို့ မလိုအပ်သလို တော်လှန်ရေးဘက် ယုံကြည်ချက် ပြတ်ပြတ်သားသား ဖြစ်နေသူတွေကိုလည်း ဘယ်လို အလိမ်အညာ စကားလုံးမျိုးကမှ မထိုးဖောက်နိုင်ပါဘူး။ ဒါကို စစ်ကောင်စီရဲ့လက်ဆွဲတော် ဝါဒမှိုင်း ဖြန့်ကြသူတွေက သိနားလည်ပြီးသား ဖြစ်ပါတယ်။

တချို့က တော်လှန်ရေးဘက် ယိမ်းနေတယ် ဆိုပေမယ့် ယုံကြည်ချက် အခြေမခိုင်တဲ့အခါ ဆိုက်ဝါးရဲ့ သားကောင်တွေ ဖြစ်သွားရတတ်ပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ ပစ်မှတ်က ဘယ်ဘက်မှ မပါဘူးလို့ ကြွေးကြော်နေတဲ့ ကြားနေ လူအုပ်စုနဲ့ ယုံကြည်ချက် ယိမ်းယိုင်လွယ်တဲ့ လူအုပ်စုဆီကိုပါပဲ။ ဒီဝါဒမှိုင်းတွေ၊ ဒီစိတ်ဓါတ်စစ်ဆင်ရေးမှိုင်းတွေဟာ သူတို့ဦးနှောက်ထဲ ကျပ်ခိုးစွဲလာတာကို သတိမပြုမိခင်မှာပဲ သူတို့ဟာ အမှားတွေကို ယုံကြည်မိလျက်သား ဖြစ်နေပါတော့တယ်။

ဆိုက်ဝါးရန်ကနေ ရှောင်နိုင်ဖို့အတွက်ဆိုရင် အကြောင်းအရာတစ်ခုကို မြင်တွေ့ကြားသိတဲ့အခါ ခြေခြေမြစ်မြစ် အမှန်အတိုင်းသိဖို့ စူးစမ်းလေ့လာသင့်ပါတယ်။ ကိုယ်ရရှိတဲ့ သတင်းတွေဟာ မှန်/မမှန် သက်သေ အထောက်အထား ရှာဖွေဆန်းစစ် ရပါမယ်။ သတင်းအရင်းအမြစ် စီးဆင်းလာရာကိုလည်း သေသေချာချာ စိစစ်ဖို့ လိုပါတယ်။

ယုံကြည်ထိုက်တယ်လို့ ကိုယ်ယူဆထားတဲ့ သတင်းအရင်းအမြစ်၊ သတင်းဌာန ဖြစ်နေပါစေ။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ အသိဉာဏ်၊ တွေးဆဆင်ခြင်နိုင်စွမ်းနဲ့ ပေါင်းစပ်တွေးတောဖို့လည်း လိုအပ်ပါတယ်။ သတင်းအရင်းအမြစ် မတိကျ မသေချာတဲ့ ဘယ်သူဘယ်ဝါမှန်း မသိသူတွေရဲ့ သောင်းပြောင်းထွေလာ အပြောနဲ့တင် လမ်းဆုံးတာမျိုးက တကယ့်ကို အန္တရာယ်ကြီးလွန်းလှပါတယ်။

စစ်အာဏာရှင်တွေဟာ မြေပြင်တိုက်ပွဲမှာ ကျရှုံးမှု များလာလေလေ၊ ဆိုက်ဝါးတိုက်ပွဲကို အရှိန်မြှင့်လာလေလေပါပဲ။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဆိုက်ဝါးရန်က ရှောင်ရှားပြီး၊ ဓမ္မဘက်တော်သားတွေအဖြစ် တော်လှန်အောင်ပွဲဆီကို စုစုစည်းစည်း ချီတက်ကြရအောင်ပါ။    ။

ငြိမ်းပန်

The Tanintharyi Times