ထားဝယ်က ဘုန်းကြီးကျောင်းဆယ်ကျောင်းမှာ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်နေ
ထားဝယ်က ဘုန်းကြီးကျောင်းဆယ်ကျောင်းမှာ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်နေ

ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းဆယ်ကျောင်းခန့်က သံဃာတော်တွေ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ကံဆောင်သပိတ်မှောက်တာကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ပါဝင်နေတဲ့ သံဃာတော်တွေကမိန့်ကြားပါတယ်။
လွန်ခဲ့တဲ့သုံးရက် ဇွန်လ ၃၀ ရက်နေ့က ထားဝယ်ခရိုင်က သံဃာတော်တွေ လမ်းပေါ်မှာ ကြွေးကျော်သံတွေနဲ့ချီတက်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။
လက်ရှိမှာလည်း ထားဝယ်ခရိုင်မှာရှိတဲ့ ဘုန်းကြီးကျောင်းဆယ်ကျောင်းခန့်က သံဃာတော် ၁၆ ပါးဟာ ကံဆောင်သပိတ်မှာ ပါဝင်ပြီး ဆက်လက်သပိတ်မှောက်နေတယ်လို့ ဦးဆောင်ရာမှာပါဝင်တဲ့ သံဃာတော် တစ်ပါးကမိန့်ကြားချက်အရ သိရပါတယ်။
အခုလုပ်ဆောင်နေတဲ့ ကံဆောင်သပိတ်ကို မြန်မာနိုင်ငံမှာ အမှန်တရားစိုးမိုးပြီး လူတွေ လူသားဆန်ဆန်ပြန်နေနိုင်မှ သပိတ်ကိုပြန်လှန်မယ်လို့ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ပါတယ်။
“သူတို့(စစ်ကောင်စီ) က ပြည်သူတွေရဲ့အိမ်တံခါးကိုခေါက်ပြီးလို့ ကျောင်းတံခါးကိုလာခေါက်နေတာ။ သူတို့သတ်လို့ ပျံလွန်တော်မူသွားတဲ့ဆရာတော်ဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ဆရာတော်ပါ။ ဗုဒ္ဓနှစ်မျိုးထဲမှာ သုတဗုဒ္ဓလို့ စာရင်းဝင်တဲ့ဆရာတော်ပါ။ အဲဒါကိုငါတို့အနေနဲ့က အဲလိုပဲငြိမ်ခံပြီး လက်ပိုက်ကြည့်နေလို့တော့မရတော့ပြီလေ။ သီတဂူဆရာတော်ပြောသွားတဲ့ သည်းခံပါ၊ မေ့ပျောက်ပါဆိုတာကလည်း ဘုရားဟောတဲ့ဆိုလိုရင်း အမှန်မဟုတ်ဘူး။ ပြည်သူတွေနဲ့ နောက်လိုက် တွေကို ဂျင်းထည့်တာပါပဲ” လို့ ဦးဆောင်ဆရာတော်က မိန့်ပါတယ်။
လွန်ခဲ့တဲ့သုံးရက်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရာမှာလည်း “သံဃာကိုသတ်မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူသီတဂူ အလိုမရှိ၊ သံဃာတော်များဘေးကင်းပါစေ၊ တို့ပြည်သူများအောင်မြင်ပါစေ” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ထားဝယ်ခရိုင်အတွင်းက သံဃာတော်တွေက ချီတက်ခဲ့ကြတာပါ။
ကံဆောင်သပိတ်ပြုလုပ်နေချိန် လမ်းပေါ်ထွက်တဲ့သပိတ်လှုပ်ရှားမှုတွေကိုလည်း အခြေအနေအပေါ်မူတည်ပြီး ထပ်မံလုပ်ဆောင်သွားဖို့ရှိတယ်လို့ ကံဆောင်သပိတ်ဦးဆောင်ဆရာတော်က မိန့်ပါတယ်။
ကံဆောင်သပိတ်မှာပါဝင်နေတဲ့ ထားဝယ်ခရိုင်က နောက်ထပ်ဆရာတော်တစ်ပါးကလည်း ကံဆောင်သပိတ်မှာပါဝင်နေတဲ့ သံဃာတော်တွေဟာ စစ်ကောင်စီကလှူဒါန်းတာကိုလက်မခံတာ၊ ပင့်တဲ့နေရာကိုမသွားတာနဲ့ စစ်ကောင်စီနဲ့ပတ်သက်တာတွေအားလုံးကို သပိတ်မှောက်လိုက်တာဖြစ်တယ်လို့ မိန့်ပါတယ်။
“စစ်ကောင်စီက ပြည်သူနဲ့သံဃာတော် တွေအပေါ်လုပ်တာက သပိတ်မှောက်အင်္ဂါ ရှစ်ချက်စလုံးနဲ့ညီတယ်။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ကိုပစ်သတ်တာကတော့ နောက်ဆုံးအချက်ပေါ့။ အဲဒီတော့ စစ်တပ်က တိုင်းပြည်အာဏာလုယူထားတာကိုပြန်ပေးပြီး ရဟန်း သံဃာတော်တွေကို သတ်ဖြတ်ထားတာတွေ ကျေနပ်တဲ့အထိပြန်တောင်းပန်မှ ဦးဇင်းတို့သပိတ်ပြန်လှန်ပေးမယ်” လို့ ကံဆောင်သပိတ်မှာပါဝင်နေတဲ့ ဆရာတော်ကမိန့်ပါတယ်။
ထားဝယ်ခရိုင်မှာပြုလုပ်နေတဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့တခြားဒေသက ကံဆောင်သပိတ်မှာပါဝင်နေတဲ့ သံဃာတော်တွေနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ လည်း သပိတ်မှာပါဝင်တဲ့ဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရလို့ ပျံလွန်တော်မူပြီးနောက်ပိုင်းကတည်းက ထားဝယ်မြို့ပေါ်က မြေတိုက်ကျောင်းနဲ့ ဇေယျဝတီကျောင်းတွေအပါအဝင် ဘုန်းကြီးကျောင်းတွေကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ပြီး လာရောက်စောင့်ကြည့်တာ၊ စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
အခုလက်ရှိ ကံဆောင်သပိတ်တွေပြုလုပ်နေချိန်မှာလည်း ထားဝယ်ခရိုင်အတွင်းက ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီဘက်က စောင့်ကြည့်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သံဃာတော်တွေနဲ့ မြို့ခံတွေက ဆိုပါတယ်။
စောင့်ကြည့်တာနဲ့ စစ်ဆေးတာတွေရှိပေးမဲ့ ခေါ်ယူမေးမြန်းတာ၊ ဘုန်းကြီးကျောင်းတွေထဲဝင်ရောက်ပြီး စုံစမ်းတာတွေတော့ လုပ်ဆောင်တာမျိုးမရှိသေးဘူးလို့ ကံဆောင်သံဃာတော်တွေနဲ့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် တွေကို စစ်ကောင်စီပစ်သတ်လို့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရလို့ ပျံလွန်တော်မူပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ သံဃာတော်တွေကလည်း လုပ်ဆောင်နေကြပါတယ်။
The Tanintharyi Times