ကံပေါက်တိုက်နယ်အတွင်းက ကျောင်းသားတွေ CDM ဆရာတွေဆီမှာ ကျူရှင်မတက်ဖို့ ဖိအားပေးခံနေရ
ကံပေါက်တိုက်နယ်အတွင်းက ကျောင်းသားတွေ CDM ဆရာတွေဆီမှာ ကျူရှင်မတက်ဖို့ ဖိအားပေးခံနေရ

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်က စစ်ကောင်စီစာသင်ကျောင်းတွေမှာကျောင်းတက်နေတဲ့ကျောင်းသားတွေအနေနဲ့ CDM ဆရာတွေဆီမှာကျူရှင်မတက်ဖို့ ဖိအားပေးခံနေရတယ်လို့ ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခုလိုဖိအားပေးတာမျိုးကို စာသင်ကျောင်းတွေမှာစာသင်နေတဲ့ Non-CDM ဆရာတွေက လုပ်ဆောင်နေတာဖြစ်ပြီး သူတို့ကိုလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေးနေတာလို့ ဆရာတွေနဲ့ နီးစပ်သူတွေက တဆင့်သိရပါတယ်။
“ဘယ်သူက ဘယ်လိုဖိအားပေးပေး ဆရာတစ်ယောက်ဖြစ်နေပြီး ခိုင်းတဲ့အတိုင်း လုပ်နေတယ်ဆိုတာဟာ ဦးနှောက်မရှိလို့ပဲ။” လို့ ဒေသခံတစ်ဦးက ဝေဖန်ပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက်အလက်တွေအရ လက်ရှိဖိအားပေးခံနေရတဲ့ကျေးရွာတွေဟာ ကံပေါက်ကျေးရွာ၊ ပယရွာ၊ မင်းသားရွာ၊ ဖောင်းတောရွာ၊ ဇာဒီရွာ စတဲ့ရွာတွေက ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ကံပေါက်တိုက်နယ်အတွင်းမှာ ကျောင်းတက်သူအများစုဟာ မူလတန်းအရွယ် အများဆုံးဖြစ်ပြီး အထက်တန်းကျောင်းသားအရေအတွက်ကတော့ အနည်းဆုံးဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
အခုလိုဖိအားပေးခံနေရတဲ့အတွက် ကျောင်းသားမိဘတွေကတော့ သူတို့ရဲ့ကလေးတွေကို ကျောင်းဆက်ထားရမလို ကျောင်းနားလိုက်ရမလိုလိုနဲ့ စိုးရိမ်စိတ်တွေဖြစ်နေတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။
“ဒီလို ကျဥ်းကျဥ်းကြပ်ကြပ်သာ ဖြစ်နေမယ်ဆို နေ့တိုင်းစိုးရိမ်စိတ်တွေနဲ့ ကျောင်းပို့နေရတာ။ ကလေးတွေက ငယ်ငယ်လေး သူတို့ဘာမှနားလည်တာမဟုတ်ဘူး။ တခုခုဖြစ်ရင် ဓားစာခံဖြစ်သွားမှာပဲ စိုးရိမ်တယ်။” လို့ ကံပေါက်ဒေသက ကျောင်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
CDM လုပ်တယ်၊ မလုပ်ဘူးဆိုတာနဲ့ပတ်သက်ပြီး ခံယူချက်တိုင်းကို နားလည်ပေးနိုင်ပေမဲ့ ရလဒ်တစ်ခုခုကို လိုချင်လို့ ကျောင်းတက်နေတဲ့ကလေးတွေကို အသုံးချတာမျိုးတော့ လက်မခံနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကလည်း ကံပေါက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာ ဒေသတွင်းက CDM ဆရာတွေကိုခေါ်ပြီး သူ့ရဲ့နေအိမ်မှာပဲ အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ CDM ဝင်ထားတဲ့ဆရာတွေအနေနဲ့ ကျူရှင်မသင်ဖို့ကို ဖိအားပေးပြောဆိုခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်ကတော့ Non-CDM ဆရာတွေကို CDM လုပ်ဖို့ အခုနှစ်အတွင်း ဖိအားပေးပြောဆိုတာမျိုးမရှိသလို နှစ်ဦးနှစ်ဖက်ရဲ့အခြေအနေတွေကိုလည်း နားလည်တယ်လို့ ပြောပါတယ်။
ကံပေါက်တိုက်နယ်မှာ စစ်အာဏာသိမ်းကာလအတွင်း CDM လုပ်တဲ့ဆရာအရေအတွက်ဟာ ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိတယ်လို့ CDM ဆရာအသိုင်းအဝိုင်းဆီက သိရပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကံပေါက်ကျေးရွာ၊ ဖောင်းတောရွာ၊ ဇာဒီရွာတွေမှာ အခြေခံပညာအထက်တန်းကျောင်းအထိရှိပြီး မင်းသားရွာမှာ အလက(ခွဲ)ကျောင်း ဖွင့်လှစ်ထားပါတယ်။
The Tanintharyi Times