ကြေးမုံ ၁၀၀၀
ကြေးမုံ ၁၀၀၀

ဂျပန်ကျေးလက်တောရွာမှာ အိမ်ကလေးတစ်လုံးရှိတယ်။ အိမ်ကလေးရဲ့ ထူးခြားချက်ကတော့ အိမ်နံရံမှာ မှန်အချပ်(၁၀၀၀) ချိတ်ဆွဲထားတာပါ။
တစ်နေ့မှာတော့ ရွှင်ပျပျော်မြူးနေတဲ့ ခွေးပေါက်စလေးတစ်ကောင် ဒီအိမ်ကလေးကို ရောက် လာတာပေါ့။ သူက ပျော်ရွှင်မြူးတူးစွာ အိမ်လှေခါးထစ်တွေကို တက်ရင်း အိမ်ထဲကိုဝင်မိတယ်။
ဒီအချိန်မှာပဲ ခွေးပေါက်စလေးအတွက် စိတ်ဝင်စားစရာကို တွေ့ရတော့တာပဲ။ ပျော်မြူး ရွှင်ပျ နေတဲ့ သူနဲ့ရွယ်တူ ခွေးပေါက်စလေးတစ်ကောင်က အမြီးကိုလှုပ်ယမ်းပြီး သူ့ကိုကြိုဆိုနေတာ တွေ့ လိုက်ရတယ်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ခွေးပေါက်စလေးက တစ်ကောင်မကပါပဲလား။ ခွေး ပေါက်စလေး(၁၀၀၀)က သူ့ကို ကြိုဆိုနေတာတွေ့တော့ အံ့သြသွားတယ်။
သူက အချိုသာဆုံး အပြုံးနဲ့ ပြန်ပြုံးလိုက်တယ်။ ခွေးပေါက်စလေး(၁၀၀၀)ကလည်း သူ့ကို အပြုံးချိုချိုနဲ့ တုန့်ပြန်ကြိုဆိုကြတယ်။
ခွေးပေါက်စလေးက ဒီအိမ်ကလေးကိုသိပ်သဘောကျသွားတယ်။ မကြာခဏ လာလည်ရမယ်လို့ ဆုံးဖြတ်ပြီး ကျေနပ်ကြည်နူးစွာ ပြန်လာခဲ့ပါတယ်။
နောက်ရက်မှာလည်း ခွေးတစ်ကောင်က ဒီအိမ်ကလေးကို ရောက်လာပြန်တယ်။ ဒုတိယ ခွေးကတော့ ပထမခွေးပေါက်စလေးလို ပျော်ရွှင်မြူးတူးတဲ့ စိတ်အခံမရှိဘူး။ အလိုလို စိတ်တိုနေ တတ်တဲ့ ခွေးတစ်ကောင်ဆိုပါတော့။ သူက ခေါင်းငိုက်ဆိုက်ချပြီး လှေခါးထစ်တွေကို နင်းတက်ကာ အိမ်ထဲကို လှမ်းဝင်လိုက်ပါတယ်။
ချက်ချင်းပဲ သူ့ခြေလှမ်းတွေ တုန့်သွားတယ်။ သူ့ရှေ့မှာ ခွေးတစ်ကောင်က သူ့ကို ဘုကြည့် ကြည့်နေပါလား။ သူက မာန်ဖီလိုက်တယ်။ ကြောက်စရာပါပဲ၊ ခွေးပေါင်း(၁၀၀၀)က ကိုက်မယ် ခဲမယ်ဆိုတဲ့ပုံနဲ့ သူ့ကို ဝိုင်းမာန်ဖီနေကြတယ်။
သူလည်း အမြီးကုတ်ပြီး ဒီအိမ်ထဲက ပြန်ထွက်လာ ခဲ့တယ်။ ကြောက်မက်ဖွယ်ရာ ဆိုးဝါးလှတဲ့ ဒီနေရာကို နောက်တစ်ခါ မလာတော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။
(စာဖတ်သူတို့အတွက် ကျော်ရင်မြင့် ရေးပြီး စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေတဲ့ ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကောက်နှုတ်၊ ဖော်ပြထားခြင်းဖြစ်ပါတယ်။)
The Tanintharyi Times