မြိတ်မှာ စစ်မှုထမ်းမဲပေါက်ထားသူ အိမ်မှာမရှိလို့ဆိုပြီး ငွေကျပ်သိန်းနှစ်ဆယ်တောင်း
မြိတ်မှာ စစ်မှုထမ်းမဲပေါက်ထားသူ အိမ်မှာမရှိလို့ဆိုပြီး ငွေကျပ်သိန်းနှစ်ဆယ်တောင်း

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စုမှာ စစ်မှုထမ်းဖို့ မဲပေါက်ထားပြီး နေအိမ်မှာမရှိတဲ့သူတွေရဲ့ မိဘတွေဆီမှာ အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်းနှစ်ဆယ်တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပသောင်းကျေးရွာအုပ်စုမှာ အခုနှစ်မတ်လက စစ်မှုထမ်းသင်တန်းပထမအသုတ်အတွက် မဲနှိုက်ခဲ့တာပါ။ အဲဒီအချိန်က မဲပေါက်ခဲ့သူတွေရဲ့ မိဘတွေကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက ဆက်သွယ်လာပြီး မဲပေါက်ခဲ့သူတွေအိမ်မှာမရှိလို့ အခုလို ငွေတောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ကျနော်သိထားရသလောက်က အဲ့ကိစ္စက မတ်လတုန်းကပဲ လူမရှိဘူးဆိုပြီး အထက်ကို စာတင်လိုက်ပြီး ပြီးသွားတယ်လို့ သိထားတယ်ဗျ။ အဲ့လိုပြီးပြီးသားကိစ္စကို သူတို့က အခုမှထပြီး ပိုက်ဆံလိုက်တောင်းတာပါဗျ။ မပေးရင် ရှိတဲ့လူဖမ်းမယ်လို့ပြောပြီး တောင်းနေတာဗျ” လို့ ပသောင်းကျေးရွာအုပ်စုထဲက တောင်ပုလဲကျေးရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပသောင်းကျေးရွာအုပ်စုမှာ ပသောင်းရွာ၊ ရှမ်းတောင်ရွာ၊ တောင်ပုလဲရွာနဲ့ တက်လက်ငယ်ရွာတို့ပါဝင်ပြီး မတ်လ ၁၅ ရက်နေ့က မဲနှိုက်ရာမှာ ရွာလေးရွာအတွက် တစ်ရွာကိုတစ်ဦးနှုန်းနဲ့ လေးဦး မဲပေါက်ခဲ့တာဖြစ်တယ်လို့ ပသောင်းကျေးရွာအုပ်စု ဒေသခံတွေဆီက ဆိုပါတယ်။
ဒါပေမဲ့ မဲပေါက်သူလေးဦးစလုံးဟာ ၎င်းတို့နေအိမ်တွေမှာ မရှိဘဲ အခြားနေရာမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာလေးရွာထဲက ပသောင်းကျေးရွာကတော့ မဲနှိုက်ခဲ့တဲ့အချိန်ကတည်းက တစ်ရွာလုံး ပိုက်ဆံစုပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို ကျပ်နှစ်ဆယ့်ငါးသိန်းပေးခဲ့တယ်လို့ ပသောင်းရွာခံအမျိုးသားတစ်ဦးဆီကသိရပါတယ်။
ဒါ့ကြောင့်မို့ လက်ရှိမှာတော့ ကျန်တဲ့ကျေးရွာသုံးရွာက မဲပေါက်ခဲ့တဲ့သူတွေရဲ့ မိဘတွေဆီကနေ ထပ်မံတောင်းခံနေတာဖြစ်တယ်လို့ ပသောင်းရွာခံအမျိုးသားကဆိုပါတယ်။
“ သူတို့ကဘာတွေးလဲဆိုတော့ ကျနော်တို့ပြည်သူတွေက တောင်းရင် စုပြီးတော့ပဲ ဖြစ်ဖြစ်ပေးကြမှာပဲဆိုပြီး တောင်းတာဗျ။ အခုပိုက်ဆံထပ်တောင်းတဲ့ကိစ္စက စကစက တောင်းခိုင်းတာထက် သူတို့ဆန္ဒနဲ့ သူတို့ တောင်းတာလို့ပဲ ထင်တယ်ဗျ” လို့ သူက ပြောပါတယ်။
ပိုက်ဆံကျပ်သိန်းနှစ်ဆယ်အတောင်းခံရတဲ့ မိသားစုတွေအနေနဲ့ စီးပွားရေးအကြပ်အတည်းတွေနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် အခုလက်ရှိအချိန်အထိ ပိုက်ဆံမပေးနိုင်သေးလို့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အခုလိုမျိုး ကျပ်သိန်း၂၀ တောင်းခံတဲ့အပြင် ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း ရာအိမ်မှူးတွေကနေ စစ်မှုထမ်းတတိယအသုတ်အတွက်လို့ဆိုပြီး ပသောင်းကျေးရွာအုပ်စုက ရွာတွေမှာ တစ်အိမ်တက်ဆင်း ပိုက်ဆံကျပ်နှစ်သောင်းခွဲစီကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပသောင်းကျေးရွာအုပ်စုမှာ ရွာလေးရွာပါဝင်ပြီး စုစုပေါင်း အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိပါတယ်။
The Tanintharyi Times