တနင်္သာရီတိုင်းမှာ မေလအတွင်း စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၁၀ ဦးပစ်သတ်ခံရ

တနင်္သာရီတိုင်းမှာ မေလအတွင်း စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၁၀ ဦးပစ်သတ်ခံရ

Crime

တနင်္သာရီတိုင်းမှာ မေလအတွင်း စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အနည်းဆုံး ၁၀ ဦးအထိ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

ရေဖြူမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ၂ ဦးနဲ့ သွေးသောက်အဖွဲ့ခေါင်းဆောင် ၁ ဦး စုစုပေါင်း ၃ဦး မေလအတွင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ နဘုလည်ဒေသက သွေးသောက်အဖွဲ့ခေါင်းဆောင်ဦးညီညီ ၊ ဧကနိကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ဦးကြည်စိုးနဲ့ ဦးမောင်ဦးတို့ဖြစ်ကြပါတယ်။

ဦးညီညီ ကို မေလ ၁၀ရက်နေ့၊ ဦးကြည်စိုးကို မေလ ၅ရက်နေ့ နဲ့ ဦးမောင်ဦးကိုတော့ မေလ ၂၄ရက်နေ့မှာ

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်မှာတော့ ပျူစောထီးအဖွဲ့ဝင် ဆိုသူစုစုပေါင်း ၄ ယောက်အထိပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ ဆေးဖြတ်ကုန်းရွာက ရပ်ကျေးအုပ်ချုပ်ရေးမှုး ပျူစောထီးအဖွဲ့ဝင် ဦးမြင့်စိုး ၊ အောက်သရက်ချောင်းရွာက ပျူစောထီးအဖွဲ့ဝင် ဦးမင်းနောင်၊ ဦးစိုးဝင်း နဲ့ဦးသိန်းတန် တို့ဖြစ်ကြပါတယ်။

ဦးမြင့်စိုးကတော့ မေလ ၆ရက်နေ့မှာမှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဦးမင်းနောင်၊ ဦးစိုးဝင်း နဲ့ ဦးသိန်းတန်တို့ကတော့ မေလ ၁၅ရက်နေ့မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဦးသိန်းတန်ရဲ့ မိသားစုဝင်တွေဘက်ကတော့ သူဟာ ပျူစောထီးအဖွဲ့ဝင်မဟုတ်ဘူးလို့ပြောဆိုထားပါတယ်။

လောင်းလုံးမြို့နယ်မှာ မေလအတွင်း ပြည်ခိုင်ဖြိုးပါတီဝင် စစ်ကောင်စီသတင်းပေးဆိုသူ ၂ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၁ဦး စုစုပေါင်း ၃ဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ ဖွားဘုတ်ပြင်ကျေးရွာက ဦးတင်ငွေ နဲ့ ထွေအုပ်စာရေး ဦးဝေစိုးတို့ဖြစ်ကြပါတယ်။

ဦးတင်ငွေကို မေလ ၃၁ရက်နေ့နဲ့ ဦးဝေစိုးကိုတော့ မေလ ၁၇ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပုလောမြို့နယ်မှာတော့ မေလ ၉ရက်နေ့က စစ်ကောင်စီသတင်းပေး ဦးမောင်သိန်းပစ်ခတ်ခံခဲ့ရပေမယ့် သေဆုံးခဲ့ခြင်းမရှိဘဲ ဆေးရုံတက်ရောက်ကုသနေတယ်လို့သိရပါတယ်။

မေလ ၁၇ရက်နေ့ကလည်း ပန္နလဲကျေးရွာကပျူစောထီးအဖွဲ့ရဲ့ကားပစ်ခတ်ခံရပြီး ၁ဦးသေဆုံးနိုင်တယ်လို့ လောင်းလုံးPDF ကထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမ်သတင်းဌာနက အတည်ပြုလို့ရတဲ့သတင်းအချက်အလက်အရ ရေဖြူမြို့နယ်မှာ ၃ဦး၊ သရက်ချောင်းမြို့နယ်မှာ ၄ ဦး နဲ့ လောင်းလုံးမြို့နယ်မှာ ၃ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦး ရှိခဲ့ပါတယ်။

The Tanintharyi Times