ပုလောနဲ့တနင်္သာရီမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားကားတွေပိတ်မိနေ

ပုလောနဲ့တနင်္သာရီမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားကားတွေပိတ်မိနေ

ပုံစာ - ၁၀၂၀ တောင်ခြေမှာ ‌စောင့်နေရတဲ့ ကုန်ကားတွေနဲ့ ခရီးသည်ယဉ်တွေ ဓာတ်ပုံ - CJ။

မြိတ်-ထားဝယ် ကားလမ်းမပေါ်မှာရှိတဲ့ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တိုက်ပွဲပြင်းထန်နေလို့ ခရီးသည်တင်ယာဉ်အများအပြား ပိတ်မိနေတယ်လို့ ခရီးသွားတချို့ က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကတည်းက ထမင်းမစားရွာမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေဘက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မွန်းလွဲပိုင်း အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေပိတ်ချထားပြီး မြိတ်ဘက်ကတက်လာတဲ့ကားတွေဟာ ပုလောတံတားဂိတ်မှာပိတ်မိနေသလို ထားဝယ်ဘက်ကနေ မြိတ်ဘက်ကိုလာတဲ့ကားတွေကတော့ ပလောက်မြို့မှာ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်၊ ကားအကုန်ပိတ်မိနေတာ(ယာဉ်တန်း) အရှည်ကြီး။ အဆုံးကိုမမြင်ဘူး။ အခုကားပေါ်မှာနေနေရတာ သုံးနာရီနီးပါးရှိနေပြီ။ လက်နက်ကြီးသံတွေလည်းကြားနေတယ်။” လို့ ပုလောတံတားဂိတ်မှာပိတ်မိနေတဲ့ ခရီးသွားအမျိုးသားတစ်ဦးက ပြောပါတယ်။

ကားလမ်းမတလျှောက်နေရာတချို့မှာသာ ထမင်းဆိုင်ရှိပြီး တချို့နေရာတွေမှာမရှိတာကြောင့် ခရီးသွားတွေအနေနဲ့ ဒီကနေ့ မွန်းလွဲပိုင်းအထိ နေ့လည်စာ မစားရတဲ့သူတွေ ရှိနေတယ်လို့ အဆိုပါခရီးသွားအမျိုးသားက ပြောပါတယ်။

ထမင်းမစားကျေးရွာမှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲဟာ ပြင်းထန်တယ်လို့ သိရပြီး နှစ်ဖက်ထိခိုက်ကျဆုံးလည်းရှိနေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရှိရပါတယ်။ နှစ်ဖက်ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ စုံးစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီဘက်က စစ်ဆေးရေးဂိတ်တွေပိတ်ချပြီး လက်နက်ကြီးပစ်ခတ်နေတာကြောင့် ခရီးသွားကားတွေတစ်ညတာပိတ်မိခဲ့ပြီး နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ တစ်ညအိပ်ခဲ့ရပါတယ်။

အလားတူ တနင်္သာရီမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ် နယ်မြေထိစပ်ရာဖြစ်တဲ့ ၁၀၂၀ တောင် မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကစလို့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး မြိတ်-ကော့သောင်း ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေ ပိတ်မိနေကြတယ်လို့ ခရီးသွားတွေ၊ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့နောက်တစ်နေ့ ဧပြီ ၃၀ ကစလို့ ၁၀၂၀ တောင်ခြေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာဖြစ်ပြီး ခရီးသည်တင်ကားအများစုနဲ့ ကုန်တင်ယာဉ်တွေ ဒီနေ့အထိ လမ်းမှာ ရပ်ပြီး စောင့်နေရတုန်းဖြစ်တယ်လို့ ဆိုကြပါတယ်။

“ ပြန်လှည့်ဖို့က ဆီဖိုး မတတ်နိုင်တော့ ဒီမှာပဲ စောင့်နေတာ သုံးရက်ရှိပြီ။ စားတာ အိပ်တာအခက်အခဲ တွေ့ရပါတယ်။ ကိုယ့်လုံခြုံရေးကို စိုးရိမ်ပေမဲ့ မတတ်နိုင်ဘူး” လို့ မြိတ်ကနေ ကော့သောင်းကို သွားတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ကဆိုပါတယ်။

ကုန်တင်ယာဥ်မောင်းတွေအနေနဲ့လည်း လုံခြုံရေးစိတ်ပူရတာတွေအပြင် ဟင်းသီးဟင်းရွက်ကုန်စိမ်းတွေ ပုပ်သိုးပျက်စီးကုန်မှာကို စိုးရိမ်နေကြရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

လက်ရှိမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားရာ ၁၀၂၀ တောင် အနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီကသိရပြီး ဗုံးကြဲပြီးနောက်ပိုင်းမှာ ခရီးသွားပြည်သူတွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် ခရီးသည်တွေရဲ့ လုံခြုံရေးကို အတည်မပြုနိုင်သေးပါဘူး။

အခုရက်ပိုင်းအတွင်း နယ်မြေလုံခြုံရေးအခြေအနေမတည်ငြိမ်တာကြောင့် ခရီးသွားတွေအနေနဲ့ နီးစပ်ရာတပ်ဖွဲ့တွေဆီ သတင်းမေးမြန်းစုံစမ်းပြီးမှသွားလာဖို့နဲ့ အရေးကြီးကိစ္စရှိမှသွားလာကြဖို့ကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက အသိပေးမေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times