တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီခေါင်းဆောင် နေပြည်တော်မှာ တွေ့ဆုံ၊စစ်ခေါင်းဆောင်နဲ့ မတွေ့ခင် ယူနန်ပြည်နယ်က တရုတ် – မြန်မာနယ်စပ်ကို သွားရောက်ခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီခေါင်းဆောင် နေပြည်တော်မှာ တွေ့ဆုံ၊စစ်ခေါင်းဆောင်နဲ့ မတွေ့ခင် ယူနန်ပြည်နယ်က တရုတ် – မြန်မာနယ်စပ်ကို သွားရောက်ခဲ့

ပုံစာ - စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း နေပြည်တော်မှာ တွေ့ဆုံခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း (H. E. Mr. Qin Gang)နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

မတွေ့ဆုံခင်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ဖော်ပြချက်အရ မစ္စတာ ချင်ကန်းဟာ ကျယ်ခေါင်ပြည်ဝင်ပြည်ထွက်ဂိတ်၊ ဝမ်တိန်ဂိတ်ရှိ မောင်မန်လမ်းကြောင်း၊ ရွှေလီ စမ်းသပ်ဇုန် ဘက်စုံပြပွဲစင်တာနဲ့ “နှစ်နိုင်ငံ တစ်ကျေးရွာ”နယ်စပ်ဒေသတို့ကိုမြေပြင်ကွင်းဆင်းလေ့လာခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာတော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ စွမ်းအင်နဲ့လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမဲ့ အခြေအနေတွေ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်မဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

စစ်ကောင်စီ ဥက္ကဌကတော့ အခုလို ခရီးစဉ်လာရောက်မှုက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြပြီး တရုတ်နိုင်ငံက နိုင်ငံတကာမျက်နှာစာမှာ မြန်မာဘက်က ရပ်တည်နေမှုကို ပြသခြင်းဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ချင်ကန်းဟာ နေပြည်တော်ကို မလာခင် မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ မနေ့က တွေ့ဆုံခဲ့တာပါ။

တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေး ညွှန်ချုပ် Peng Xiubin ကလည်း အရင်လ ၁၆ ရက်နေ့က နေပြည်တော်ကို ရောက်လာပြီး စစ်ကောင်စီဥက္ကဌအပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း တိတ်တဆိတ်တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယ

မှာ အခုလ ၄ ရက်နဲ့ ၅ ရက်နေ့မှာ ကျင်းပမဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

The Tanintharyi Times