တနင်္သာရီမြို့နယ်မှာ အခုတစ်ပတ်အတွင်း စစ်ဘေးရှောင်ရတဲ့ ပြည်သူ နှစ်ထောင်ကျော်ရှိ
တနင်္သာရီမြို့နယ်မှာ အခုတစ်ပတ်အတွင်း စစ်ဘေးရှောင်ရတဲ့ ပြည်သူ နှစ်ထောင်ကျော်ရှိ
စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ကျော်ရှိနေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ဘေးရှောင်အများစုဟာ အခုတစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ မကြာခဏထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတဲ့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုက ပြည်သူတွေဖြစ်တယ်လို့ ပြောပါတယ်။
“စစ်ရှောင်တွေကတော့ လတ်တလော အိမ်ပြန်နိုင်ကြမှာမဟုတ်သေးဘူး။ စကစ ဘက်ကကြောက်ကြောက်နဲ့ မြင်မြင်သမျှအကုန်ပစ်နေတာ။ မလုံခြုံသေးဘူး။ စစ်ရေးကလည်းအရှိန်မြင့်နေတုန်းပဲ။ ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့လက စစ်ဘေးရှောင်ပြည်သူ ၈၀၀ ကျော် ရှိပါတယ်။
အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကျော်ဟာ ချောင်းနှစ်ပေါက်ရွာထဲကို စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကလည်း မောတောင်လမ်းပိုင်းမှာရှိတဲ့ ရေဖြူရွာက ဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်တိုက်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့ညမှာတော့ မြိတ်ဘက်ကနေ ကော့သောင်းဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်တစ်စီး တနင်္သာရီမြို့အထွက် လယ်တောင်ယာရွာနဲ့ တမုတ်ချုံးရွာကြားမှာ ပစ်ခတ်ခံခဲ့ရပြီး အသက် ၆နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ နယ်မြေအခြေအနေ တည်ငြိမ်မှုမရှိတဲ့အတွက် တနင်္သာရီ-မောတောင်လမ်းပိုင်းကို မလိုအပ်ပဲအသုံးမပြုကြဖို့ အသိပေး မေတ္တာရပ်ခံထားပါတယ်။
The Tanintharyi Times
