ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်းကို ဘာကြောင့်ဖျက်သိမ်းခဲ့သလဲ
ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်းကို ဘာကြောင့်ဖျက်သိမ်းခဲ့သလဲ

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ KNDO၊ တပ်ရင်း (၇) လက်အောက်ခံ ပုလောမြို့နယ်အခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်းဖျက်သိမ်းလိုက်ပါတယ်။
ပူရိယက္ခညီနောင်စစ်ကြောင်းဆိုတာက မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာအခြေစိုက်တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် ထဲမှာ ဖွဲ့စည်းခဲ့တဲ့ စစ်ကြောင်းတစ်ခုပါ။ အဲဒီစစ်ကြောင်းမှာ KNDO တပ်ရင်း (၇) တပ်ခွဲ(၂)ကတပ်ဖွဲ့ဝင်တချို့၊ တခြားတော်လှန်ရေးအဖွဲ့တွေကခွဲထွက်လာတဲ့ တော်လှန်ရေးရဲဘော်တွေ၊ စစ်ကြောင်းမှာ သီးသန့်ပါဝင်ချင်တဲ့ရဲဘော်အသစ်တွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ KNDO အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့တဲ့ စစ်ကြောင်းလည်းဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဖျက်သိမ်းလိုက်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်မဟာ (၄)၊ တပ်ရင်း(၇) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာထုတ်ပြန်ခဲ့သလို စစ်ကြောင်းမှူး ဗိုလ်ဝေလကလည်း တနင်္သာရီတိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။
KNDO တပ်ရင်း(၇)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီးကျော်ထွန်းနေအိမ်မှာ နေထိုင်တဲ့ ကိုဥာဏ်ရွှေဆိုသူကို ပူရိယက္ခညီနောင်စစ်ကြောင်းက ကိုစိုးဝေနဲ့အဖွဲ့ဝင်ငါးဦးက သတ်ပစ်ခဲ့တဲ့အတွက် စစ်ကြောင်းကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ တပ်ရင်းမှူး ဗိုလ်ကျော်ထွန်းက လက်မှတ်ရေးထိုးထားတာပါ။
KNDO တပ်ရင်း ၇ ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ ကိုစိုးဝေဆိုသူဟာ ပူရိယက္ခစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ဝေလ ဖြစ်ပါတယ်။
ကိုဥာဏ်ရွှေဆိုသူဟာ တော်လှန်ရေးစကတည်းက ဗိုလ်မှူးကျော်ထွန်းအနားမှာနေထိုင်တာ သုံးနှစ်ရှိနေပြီဖြစ်ပြီး မိဘရိုးရာ နတ်တရုတ်ပွဲအတွက် နဘုလယ်ရွာဘက်ကို ပြန်တဲ့ အချိန်မှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ KNDO က ဆိုပါတယ်။ KNDO ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီသတ်ဖြတ်မှုကို တော်လှန်ရေးရဲဘော်အချင်းချင်းသတ်ဖြတ်တယ်ဆိုပြီး ရေးသားထားပါတယ်။
သေဆုံးသူ ကိုဥာဏ်ရွှေဆိုသူဟာ ဘယ်အဖွဲ့မှာ ဘယ်တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးရဲဘော်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားတာမျိုးမတွေ့ရပါဘူး။
ကိုစိုးဝေ လို့ခေါ်တဲ့ ပူရိယက္ခစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ဝေလကတော့ ကိုဥာဏ်ရွှေဟာ တော်လှန်ရေးရဲဘော်မဟုတ်ဘဲ စစ်ကောင်စီသတင်းပေးနေတဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ ကိုဥာဏ်ရွှေအနေနဲ့ စစ်ကောင်စီကို သတင်းပေးခဲ့တဲ့ သက်သေအထောက်အထားလည်း အခိုင်အလုံရှိတယ်လို့ ဗိုလ်ဝေလက ဆိုပါတယ်။
ကိုဥာဏ်ရွှေရဲ့ အလောင်းကို အင်းမဝချောင်းလို့ ခေါ်တဲ့ ချောင်းထဲကို ပစ်ချခဲ့တယ်လို့ KNDO ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး အခုချိန်အထိ အလောင်းပျောက်ဆုံးနေတုန်းပဲ လို့ သိရပါတယ်။ အသတ်ခံရတဲ့ ကိုဥာဏ်ရွှေဆိုသူမှာ ကိုယ်ဝန်နှစ်လလွယ်ထားရတဲ့ ဇနီးသည်တစ်ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။
ပူရိယက္ခညီနောင်စစ်ကြောင်းကိုဖျက်သိမ်းပြီးနောက် လက်နက်တွေကို KNDO က သိမ်းလိုက်တယ်လို့ သိရပါတယ်။
“(ကျနော့်ကို) ပစ်အမိန့်လည်း ပေးထားတယ်လို့ ကြားပါတယ်။ ကျနော့်ရဲဘော်တွေကတော့ အချုပ်ထဲမှာ ၅ယောက်လို့ ပြောပါတယ်” လို့ ဗိုလ်ဝေလက ဆိုပါတယ်။ သူ့ကို ပစ်မိန့်ပေးထားတယ်ဆိုတာကို ရင်းနှီးတဲ့ရဲဘော်တွေဆီက တဆင့်သိရတဲ့အတွက် ရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
ဗိုလ်ဝေလကိုခေါ်တွေ့တာဟာ အချင်းချင်းသတ်ဖြတ်ပြီး ကလဲ့စားချေမှာမဟုတ်ဘဲ အမှုကိုလာရောက်ရင်ဆိုင်ဖြေရှင်းပေးဖို့အတွက်ပဲခေါ်တွေ့တာလို့ ကိုနေဝန်းက ဆိုပါတယ်။ ကိုနေဝန်းက KNDO တပ်ရင်း ၇ နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းထားတဲ့ နဂါးမဲစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးဖြစ်ပါတယ်။
“ကိုစိုးဝေ(ဗိုလ်ဝေလ)ကို ခေါ်တွေ့တယ်။ ကိုစိုးဝေကတော့ လာတွေ့တာမျိုးမရှိဘူး။ ဒီတော့ ကျနော့်ကို အမိန့်ပေးတာက သူလာမတွေ့ဘူးဆိုရင် လက်နက်တွေ လာအပ်ခိုင်းလိုက်ပေါ့နော်။ လက်နက်က စခန်းမှာသူတို့ ပုံထားတယ်။ ဒီတော့ ကျနော် လက်နက်တွေအားလုံးသွားသိမ်းလာတယ်” လို့ ကိုနေဝန်းက ပြောပါတယ်။
ပူရိယက္ခညီနောင်စစ်ကြောင်းကို ဖျက်သိမ်းပြီးနောက်မှာ စစ်ကြောင်းရဲ့ရဲဘော်တွေကို စစ်ကြောင်းအသစ်ဖြစ်တဲ့ နဂါးမဲဆိုတဲ့ စစ်ကြောင်းကို ဝင်ခွင့်ပေးနေပြီး ထွက်ခွာချင်သူတွေကို အချုပ်သုံးလချထားတယ်လို့ ကိုဝေလက ပြောပါတယ်။

နဂါးမဲစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးကိုနေဝန်းကတော့ တပ်ကနေထွက်ခွာမယ့်သူတွေကို အချုပ်သုံးလချတာဟာ တပ်စည်းမျဥ်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်ကို အချုပ်ချထားတယ်ဆိုတာကိုတော့ မသိရပါဘူး။
အခုလိုမျိုးတော်လှန်ရေးကာလမှာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ခုကို အခုလိုဖျက်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်းကို ပုံမှန်ထောက်ပံ့နေတဲ့ ထောက်ပို့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“တစ်ဖွဲ့လုံးဖမ်းဆီးလိုက်တာတော့မလုပ်သင့်ဘူးလို့ထင်တယ်။ တကယ်လို့ပြစ်မှုကျူးလွန်ထားရင်ဥပဒေနှင့်အညီဆောင်ရွက်သင့်ပါတယ်။” လို့ အဲဒီထောက်ပို့အမျိုးသားက ပြောပါတယ်။
စစ်ကြောင်းဖျက်သိမ်းခံလိုက်ရတဲ့အတွက် ပူရိယက္ခညီနောင်စစ်ကြောင်းလှုပ်ရှားခဲ့ဖူးတဲ့ဒေသတွေက ဒေသခံတွေအနေနဲ့ စစ်ကောင်စီနှင့်ပျူစောထီးတွေရဲ့ရန်ကို စိုးရိမ်နေရတယ်လို့ သူက ဆိုပါတယ်။
ပူရိယက္ခစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးဗိုလ်ဝေလကတော့ သူမှားတယ်ဆိုရင် သူ့အပြစ်ကို ကျေကျေနပ်နပ်ကြီးခံယူမယ်လို့ ဆိုပါတယ်။
တပ်မဟာ ၄၊ KNDO တပ်ရင်း ၇ ကတော့ ကိုဥာဏ်ရွှေကို သတ်ခဲ့တဲ့ တရားခံတွေ(ကိုစိုးဝေအပါအဝင်)ကို ဥပဒေဘောင်ထဲကနေ တရားမျှတစွာ ပြုမူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ပူရိယက္ခစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးဖြစ်ခဲ့တဲ့ ကိုဝေလကတော့ တွေ့ရင်ပစ်သတ်မယ်ဆိုတဲ့ သတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲဖြစ်ပါတယ်။
The Tanintharyi Times