သုံးဘီးကားမျှော်ချိန်

သုံးဘီးကားမျှော်ချိန်

ထောင်ထဲမှာ သူ နွေ၊ မိုး၊ ဆောင်း ရာသီတွေ ညောင်းခဲ့ပြီ။ နိုင်ငံရဲ့ အခြေအနေတွေကတော့ တစ်နေ့တစ်ခြား ပိုပြီးဆိုးရွားလာနေတဲ့အကြောင်း အပြင်ဘက်ကလာတဲ့ သတင်းတွေအရ တချို့တစ်ဝက်ကို သိနေရတယ်။

ထောင်ကို တစ်သုတ်တည်း အတူတူရောက်လာတဲ့သူတွေထဲက တချို့ဟာ သူတို့ရဲ့ လွတ်ရက်ကို သိချင်နေကြပါတယ်။ ကော်ဖီအထုပ်ကြီးတစ်ထုပ်(တစ်ပါကင်) ပေးပြီး ထောင်ရဲ့ စာရေးကြီးဆီမှာ မေးကြည့်လို့ရပါတယ်။ သူ့ကိုလည်း လာပြီး အဖော်စပ်ပါတယ်။

ဖမ်းဆီးတဲ့ရက်တွေ အတူတူဖြစ်ပေမဲ့ အမိန့်ချရက် မတူတဲ့အခါ ချုပ်ရက်အနည်းအများအပေါ်မူတည်ပြီး လွတ်တဲ့ရက်ကလည်း မတူကြတော့ပါဘူး။ ဒီတော့လည်း ဘယ်သူ ဘယ်နေ့လွတ်မယ်ဆိုတာကို သိဖို့က စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။

ကိုယ်လွတ်မယ့်ရက်ကို ကြိုပြီးသိနေတာ ကောင်းသလား၊ သိနေဖို့ရော လိုအပ်သလားဆိုတာကို သူ စဉ်းစားကြည့်နေပါတယ်။

သေမယ့်နေ့ကို ကြိုပြီး သိတာနဲ့ အခုကိစ္စနဲ့ဟာ ဘာကွာလဲ။ ကိုယ်ဘယ်နေ့ သေမယ်ဆိုတာကို သိနေတဲ့သူဟာ သူ့ရဲ့ နေမှုထိုင်မှုတွေမှာ ပျော်စရာဖြစ်နေပါ့မလား။ ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ဖို့လိုတာတွေကို လုပ်ဆောင်နိုင်တဲ့ အကျိုးကျေးဇူးရှိစေမလား။ တစ်ခါတလေတော့လည်း မသိမှုအောက်မှာ နေရတာက လူကို ပိုပြီး လွတ်လပ်နေသလို ခံစားရစေတယ်လို့ သူထင်ပါတယ်။

ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရတဲ့ အိုဟင်နရီရဲ့ ‘နောက်ဆုံးသစ်ရွက်’ ဆိုတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ကိုတောင် သတိရစရာပါပဲ။ အဆုတ်ရောင်ရောဂါနဲ့ အိပ်ရာထဲလဲနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ပြတင်းပေါက်ကနေ မြင်နေရတဲ့ နံရံပေါ်မှာ တွယ်တက်နေတဲ့ နွယ်ပင်ရဲ့ တစ်ရွက်ပြီး တစ်ရွက် ကြွေနေတဲ့ သစ်ရွက်တွေကို ငေးရင်း နောက်ဆုံးသစ်ရွက်ကြွေပြီးသွားရင် သူလည်း သေမှာပဲဆိုတဲ့ အတွေးကို ခံစားမိနေတယ်။ ဒီအတွေးကြောင့်ပဲ စိတ်ဓာတ်ကလည်း ယိုယွင်းကျဆင်းလာနေတယ်။

သစ်ရွက်တွေဟာ ကြွေလာလိုက်တာ၊ နောက်ဆုံးနေ့တွေထဲကို ရောက်လာခဲ့တယ်။ ငါးရွက်…၊ လေးရွက်…၊ သုံးရွက်…။ တစ်ရက်မှာတော့ သစ်ပင်ထက်မှာ တစ်ရွက်ပဲ ကျန်တော့တယ်။ အဲဒီညမှတော့ မိုးသက်လေပြင်းတွေ ကျတယ်။ သစ်ရွက်ကလေးဟာ အသေအချာကို ကြွေတော့မှာပဲ၊ သူလည်း သေရတော့မှာပါပဲလို့ ခံစားမိတော့တယ်။

မနက်မိုးလင်းလာလို့ ပြတင်းပေါက်ကို ဖွင့်လိုက်တဲ့အခါ သစ်ရွက်ကလေးဟာ အပင်ထက်မှာ ရှိနေတုန်းပဲ။ မိန်းကလေးဟာ အံ့ဩတကြီးဖြစ်ရတယ်။ နောက်နေ့တွေမှာလည်း မကြွေပြန်ဘူး။ ဒီလိုနဲ့ပဲ သူ့စိတ်ဟာ ပြန်တက်ကြွလာခဲ့ပြီး ကျန်းမာလာခဲ့တယ်။

တကယ်တော့ ပြတင်းပေါက်ကနေ လှမ်းပြီးမြင်နေရတဲ့သစ်ရွက်ဟာ တကယ့်သစ်ရွက်အစစ်မဟုတ်ဘဲ အောက်ထပ်အခန်းတစ်ခုမှာနေတဲ့ ပန်းချီဆရာကြီးက နံရံပေါ်မှာ သစ်ရွက်ပုံတူကို လက်ရာမြောက်ပန်းချီဆွဲပေးလိုက်တာ။ ဒါကို မသိတဲ့အခါ နောက်ဆုံးသစ်ရွက်ကလေးမကြွေသေးဘူးဆိုတဲ့ အသိနဲ့ ပြန်ပြီး ကျန်းမာခဲ့တာဖြစ်ပါတယ်။

အဲဒီလိုမျိုး မသိမှုဟာ လူကို ဖိစီးမှုတွေထဲကနေ လွတ်မြောက်စေတယ်လို့ သူ ထင်ပါတယ်။ ဒါနဲ့ပဲ လွတ်မယ့်နေ့ကို ကြိုသိဖို့ သူ မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ လွှတ်ပေးတဲ့အချိန်ကျရင် လွတ်မှာပဲပေါ့။

ခုနကဇာတ်လမ်းလိုမျိုး အဖြစ်မျိုးကလေးတွေဟာ သူတို့အကျဉ်းခန်းတွေထဲမှာလည်း ပုံစံတစ်မျိုးနဲ့ ရှိနေတတ်ကြတာပါပဲ။ တစ်ခါတုန်းက ခေါင်မိုးပေါ်ကနေ ငှက်ပေါက်ကလေးတစ်ကောင် ပြုတ်ကျလာခဲ့တယ်။ ဒါပေမဲ့ သေမသွားခဲ့ဘူး။ အကျဉ်းသားတွေက ကောက်ယူပြီး ပြုစုစောင့်ရှောက် ကျွေးမွေးထားကြတယ်။

ငှက်ကလေးဟာ ရက်တွေကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ အမွေးအတောင်တွေထွက်၊ ခုန်ဆွခုန်ဆွနဲ့ ပြေးလွှားနိုင်ခဲ့တယ်။ အဲဒီကာလတွေထဲမှာ ငှက်ကလေးဟာ အကျဉ်းသားတွေအတွက် ဆော့စရာ၊ ကစားစရာ၊ စိတ်အပန်းပြေစရာပါပဲ။

“ဒီငှက်ကလေး ပျံနိုင်တဲ့အခါကျရင် ငါတို့လည်း လွတ်ကောင်းပါရဲ့” လို့ တစ်ယောက်က ပြောတယ်။

ဒီလိုနဲ့ပဲ ငှက်ကလေးပျံနိုင်ချိန်ကို စောင့်ကြတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ငှက်ကလေးဟာ ဘာအကြောင်းရင်းမှန်းမသိဘဲ သေဆုံးသွားခဲ့ပါတယ်။

ကြိုတင်မမြင်နိုင်တဲ့အရာတွေနဲ့ ကိုယ့်စိတ်ကို ဆက်ချည်ထားတဲ့အခါ အပိုသောကနဲ့ ဖိစီးမှုတွေ ဝင်ကြရတာပါပဲ။

လွတ်မယ့်ရက်ကို အတိအကျ ကြိုမသိရပေမဲ့ လပိုင်းဝန်းကျင်ပဲ လိုတော့တယ်ဆိုတာကိုတော့ သူ့ဘာသာ ခန့်မှန်းမိနေပါတယ်။ ဘာလို့ဆို သူနဲ့ အဖမ်းခံရတာချင်းလည်း သိပ်မကွာ၊ အမိန့်ချတာလည်း သိပ်မကွာတဲ့ သူတချို့တောင် လွတ်သွားကြပြီမဟုတ်လား။

လွတ်တော့မယ်လို့ ခံစားမိနေတဲ့အခါ စိတ်ကူးတွေကလည်း အမျိုးမျိုးအထွေထွေ ပေါ်ပေါက်လာပြန်ပါတယ်။ ထောင်ကလွတ်တဲ့နေ့ကျရင် ဘယ်လောက်ပျော်နေမလဲ၊ ဘယ်လိုတွေ ရှိနေမလဲ။ ပြီးတော့ ဘယ်သူတွေ လာကြိုကြမှာပါလိမ့်။ ခေတ်ကာလမကောင်းတဲ့အချိန်မျိုးမှာ အဖေနဲ့ အမေဟာ မိုင် ၆၀ ခရီးကို လာနိုင်ကြပါ့မလား။ စတဲ့ အတွေးတွေနဲ့ပါပဲ။

ရက်လနှစ်ရှည် မတွေ့တာမြင်ရတာကြာနေတဲ့ သူတွေနဲ့ ပြန်လည်တွေ့ဆုံရမယ့်ခံစားမှု အကျဉ်းသားဘဝကနေ လွတ်မြောက်ရတဲ့ခံစားမှု၊ အဲဒါတွေကရော ဘယ်လိုနေမလဲ။

အိမ်ကို ပြန်ရောက်တဲ့အခါ ဘယ်သူတွေက သူ့ကို လာနှုတ်ဆက်ကြမှာပါလိမ့်။ သူငယ်ချင်းအပေါင်းအသင်းတွေရော ကျန်းကျန်းမာမာ ရှိကြရဲ့လား။ ပြန်တွေ့ကြတဲ့အခါ ပထမဆုံးပြောကြမယ့်စကားတွေဟာ ဘာတွေဖြစ်မလဲ။

နှစ်နှစ်လောက် ဝတ်ဆင်သူမဲ့ ဖြစ်နေခဲ့တဲ့ သူ့အင်္ကျီအဝတ်အစားတွေကိုလည်း သတိရမိပြန်ပါတယ်။ အရာအားလုံးဟာ လွမ်းစရာဖြစ်နေမလား။ ပြီးခဲ့တဲ့အဖြစ်အပျက်တွေဟာ ဘာမှမကြာလိုက်သလိုမျိုး၊ မနေ့တစ်နေ့ကလိုပဲ အချိန်တွေအကုန်မြန်နေခဲ့သလား။

ဖတ်ခဲ့ရတဲ့ အောင်ချိမ့်ရဲ့ ကဗျာစာအုပ်ထူကြီးကိုလည်း တွေးမိပြန်ပါတယ်။ ‘လူငယ်တစ်ယောက်အကြောင်း’ဆိုတဲ့ ကဗျာစုကတော့ သူ့စိတ်ကို မောပန်းလှောင်အိုက်စေပါတယ်။

‘သုံးဘီးကားလေးနဲ့’ ဆိုတဲ့ ကဗျာကတော့ လွတ်ခါနီးဖြစ်တဲ့ သူ့အတွေးတွေကို အလွှမ်းမိုးဆုံးပေါ့။

‘သုံးဘီးကားလေးနဲ့’

သီချင်းအဆိုသန်တဲ့အရွယ် အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

သုံးဘီးကားလေးနဲ့ အိမ်ပြန်ခဲ့တယ်။

အုတ်တံတိုင်းနဲ့ အမှောင်ဟာ နောက်ကျောမှာ ကျန်ခဲ့ပါတယ်။

ရဲဘော်များ၊ မိတ်ဆွေများ ကျန်ခဲ့ပါတယ်။

သုံးဘီးကားလေးဟာ လွမ်းစရာပါပဲ။

မောင်ဒီရဲ့ ‘သုံးဘီးကား လျှောက်စီးခြင်း’ ပန်းချီကားလို သုံးဘီးကားလေးဟာ လွမ်းစရာပါပဲ။

သုံးဘီးကားလေးထဲမှာ လာကြိုတဲ့ အဖေပါတယ်။

တခြားတစ်‌‌ယောက်ပါတယ်။

ကျနော့်ပစ္စည်း၊ ကျနော့် အဝတ်အစားတွေ ပါတယ်။

ကျနော် ကျောင်းက ပြန်လာတယ်။

ကျ‌နော် ဘဝတက္ကသိုလ်က ပြန်လာတယ်။

ဘဝတစ်ခုမှ ဘဝတစ်ခုသို့၊ နေ့ပေါင်းများစွာမှ လာမယ့်နေ့များသို့။

အခြားနေရာမှ ကျနော့် ရပ်ကွက်လေးသို့၊ အိမ်သို့။

အခြားအိပ်ယာမှ ကျနော့်အိပ်ယာသို့။

မိုးဥတုမှ သီတင်းကျွတ်သို့။

အမှောင်မှ လင်းရာသို့။

အမေ့ဆီသို့။

သုံးဘီးကားလေးနဲ့ ကျနော် ပြန်လာပါတယ်။

(အောင်ချိမ့်)

လွတ်မယ့်နေ့ကျရင် သူကရော ဘယ်လို ရှိမလဲ။

မျက်လုံးရဲ့ အာရုံထဲမှာ ထောင်ရဲ့ ဂိတ်တံခါးကြီးကို မြင်မိပါတယ်။ သူ့ကို ထောင်ထဲကို ခေါ်လာခဲ့တုန်းက ဖြတ်သန်းခဲ့ရတဲ့ တံခါးကြီးပေါ့။ အဲဒီကစလို့ တစ်ကြိမ်တစ်ခါမှ အပြင်ဘက်ကို ပြန်မရောက်ဖြစ်တော့။ အဝင်ရှိရင် အထွက်လည်း ရှိရမှာပါပဲ။ ဒါဟာ အကျဉ်းသားတွေရဲ့ လက်သုံးစကားပါပဲ။

အုတ်နဲ့ အခိုင်အခန့်ဆောက်ထားတဲ့ အဲဒီဂိတ်တံခါးဖြူဖြူကြီးအကြောင်း တစ်ခါတုန်းက ဘေးနားက အကျဉ်းသားအဖော်နဲ့ စကားပြောဖြစ်တော့ ကြေကွဲဆို့နင့်ရပြန်ပါတယ်။ အဲဒီအကျဉ်းသားဟာ သေဒဏ်ကျနေသူဖြစ်ပြီး အခုထောင်ကို ရောက်နေတာ ၁၈ နှစ် ရှိပါပြီ။

အဝင်ရှိရင် အထွက်ရှိရမယ်ဆိုတဲ့ စကားဟာ တချို့တွေအတွက်တော့ မှုန်ရီဝိုးတဝါး ကောက်ရိုးတစ်မျှင်ပါပဲ။

ရင့်ပြည့်

The Tanintharyi Times