တနင်္သာရီမှာ နှစ်ရက်ဆက်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ ကျေးရွာ ၁၀ ကျော်ကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီမှာ နှစ်ရက်ဆက်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ ကျေးရွာ ၁၀ ကျော်ကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

ဓာတ်ပုံ - စစ်ကောင်စီတပ်ဆီကနေရတဲ့သေနတ်၊ မီးလောင်ခဲ့တဲ့နေအိမ်နဲ့ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေ။

တနင်္သာရီမြို့နယ်က နှစ်ရက်ဆက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေထဲကသိရပါတယ်။

ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးည ၁၀ နာရီလောက်မှာ မောတုန်းရွာအမြောက်တပ် ၃၀၆ က စစ်ကောင်စီတပ်သားတွေ သောက်စားမူးယစ်ပြီးအပြန် ကဒဲလိပ်ရွာလမ်းပိုင်းမှာ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင်တပ်ရင်း(၂) တို့ပူးပေါင်းပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မနေ့ကမနက်ပိုင်းမှာလည်း ဗောဓိကမ်းတံတားမှာ ဂိတ်စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဘက်မလိုက်ပြောက်ကျားအဖွဲ့နဲ့ မြိတ်ခရိုင်တပ်ရင်း(၂)တို့ ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဘက်မလိုက်တပ်ဖွဲ့ရဲဘော်တစ်ဦးကဆိုပါတယ်။

“အပြန်အလှန်ပစ်ခတ်မှုအပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအများအပြားပစ်တယ်။ ကျနော်တို့ဘက်က ဘေးကင်းကင်းဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဲဒီနောက် မနက် ၈ နာရီလောက်မှာ မြိတ်ခရိုင်အခြေစိုက် ခမရ ၅၆၁ တပ်က ဘန်လောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နဲ့ တိုက်ပွဲ သုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကြာချိန် ၆ နာရီခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁ ဦးကျဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကနေသိရပါတယ်။

ဘန်းလမွတ်ကျေးရွာမှာလည်း ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်တွေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ဆောင်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ် ခမရ ၅၆၁၊ ခမရ ၅၅၆၊ ဗောဓိကမ်းတပ်နဲ့ မော်တုန်းအမြောက်တပ် ၃၀၆ တို့ကနေ မနေ့ကညပိုင်းအထိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်း၊ ၆မိုင်၊ ၅မိုင်၊ ပျို့အိုင်၊ ဗောဓိကမ်း၊ ဘန်လော၊ ဖာနီ၊လေးမိုင်၊ ရေခမ်းချောင်း၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း နဲ့ ရမ်းဖိုကျေးရွာတွေက ပြည်သူစုစုပေါင်း ၁၅၀၀ ဝန်းကျင်နေအိမ်စွန့်ခွာစစ်ဘေးရှောင်ထွက်ပြေးနေရပါတယ်။

The Tanintharyi Times