လောင်းလုံးကို စစ်ကောင်စီ စစ်ကြောင်းတစ်ခုတိတ်တဆိတ်ဝင်လာနေ
လောင်းလုံးကို စစ်ကောင်စီ စစ်ကြောင်းတစ်ခုတိတ်တဆိတ်ဝင်လာနေ

လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခု တောလမ်းအတိုင်းတိတ်တဆိတ်ဝင်ရောက်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထားဝယ်-မောင်းမကန်လမ်းပေါ်ရှိ ခလရ(၁၀၄) တပ်ရင်းက စစ်ကောင်စီတပ်သားအင်အား ၄၀ ကျော်ဟာ အင်းကြီးရွာ၊ ဆိပ်ပင်အင်းရွာနဲ့ သဲပုံရွာတွေကို တောလမ်းအတိုင်းဖြတ်ပြီး ဒီနေ့မနက်အစောပိုင်းကတည်းက ဝင်ရောက်လာတာပါ။
“တပ်ရင်းဘေးကလမ်းအတိုင်း လုံးဝတိတ်တိတ်လေးလာတာ။ ပစ်သံခတ်ခံလည်း ဘာမှမထွက်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒေသခံတွေကတော့ သဲပုံရွာအနီးကို စစ်ကြောင်းရောက်လာတဲ့ မနက် ၉ နာရီအချိန်လောက်မှ သိရတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဝင်လာတဲ့လမ်းမှာ ရာဘာအစေးခြစ်နေတဲ့ အမျိုးသား ၄ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီပြောဆိုချက်ကို သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ဒီကနေ့နေ့လည်ပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မင်းရပ်ရွာက မင်းရပ်ချောင်ရိပ်သာတဝိုက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့ပေါ်က မိုးလုံလေလုံအားကစားရုံမှာလည်း စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက်က မနေ့ကစပြီးလာရောက်တပ်စွဲထားပါတယ်။
လောင်းလုံးမြို့နယ်က မောင်းမကန်ရွာရဲစခန်း၊ ကျောက်နီမော်ရွာပျူစောထီးစခန်း၊ သဲပုံတောင်စစ်ကောင်စီစခန်းနဲ့ စမ်းလှမ်းရွာတာဝါတိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့တဲ့လမှာ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို မြို့နယ်အခြေစိုက်တပ်ဖွဲ့တွေအပြင် ထားဝယ်ခရိုင် တပ်ရင်း (၁)၊ နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ Dawei Defence Force (DDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
လောင်းလုံးဒေသခံတွေကတော့ အခုလိုစစ်ကောင်စီစစ်ကြောင်းတွေ ရောက်လာတာအပြင် စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြပါတယ်။
The Tanintharyi Times