စစ်ကောင်စီကကျင်းပတဲ့ သပိတ်မျှောပွဲကိုသွားမှာမဟုတ်ဘူးလို့ ထားဝယ်ဒေသခံတွေပြော

စစ်ကောင်စီကကျင်းပတဲ့ သပိတ်မျှောပွဲကိုသွားမှာမဟုတ်ဘူးလို့ ထားဝယ်ဒေသခံတွေပြော

ဓာတ်ပုံ - ထားဝယ်ရိုးရာသပိတ်မျှောပွဲ ပုံဟောင်း။

စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲမှာ ပါဝင်ဆင်နွဲဲဖို့အတွက် ဒေသခံတွေက စိုးရိမ်စိတ်နဲ့အတူ အယုံအကြည်မရှိ ဖြစ်နေပါတယ်။

ဘာခံယူချက်မှမရှိတဲ့သူတွေတောင် မသွားရဲလောက်ဘူး။ အဲလောက်အဖမ်းအဆီးအစစ်အဆေးများနေတာ။ အကုန်လုံးကို မျှားခေါ်ပြီးထောင်ဖမ်းတာလည်း ဖြစ်နေဦးမယ်။ မပြောနိုင်ဘူးလေ။ ဒီကောင်တွေက လုံခြုံရေး အကြောင်းပြပြီး မျိုးစုံလုပ်နေတာ” လို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှာ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်းက ထားဝယ်မြစ်ကမ်းမှာ ကျင်းပဖို့ စစ်ကောင်စီက စီစဥ်နေတာပါ။

သပိတ်မျှောပွဲမှာ တေးဂီတ သီဆိုဖျော်ဖြေတာနဲ့ ရိုးရာအကတွေနဲ့ ဧည့်ခံသွားမယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီဘက်က အခုလိုကျင်းပရတာဟာ သင်္ကြန်တုန်းကလို အားလုံးပုံမှန်ပြန်ဖြစ်နေတာကိုပြချင်တာ သတ်သတ်ကြောင့်သာဖြစ်ပြီး စစ်ကောင်စီထောက်ခံသူနဲ့ သူတို့ရဲ့လက်အောက်ခံဝန်ထမ်းတွေ၊ ပျူစောထီးတွေသာ ပါဝင်ဆင်နွှဲလိမ့်မယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆို နေကြပါတယ်။

“အရင်ကဆိုရင်တော့ ထားဝယ်လူမျိုးတွေတစ်ညလုံး မအိပ်ဘဲပျော်ပျော်ရွှင်ရွှင် ကျင်းပကြတဲ့ရိုးရာပွဲလေးပေါ့။ အဲဒီရက်တွေဆိုရင် စိတ်ထဲတောင်ကြည်နူးပြီး ပျော်နေရတာ။ အခုတော့ဘာစိတ်မှကိုမရှိတော့ပါဘူး။ သင်္ကြန်တုန်းကလိုမျိုးပါပဲ” လို့မြို့ခံက ဆက်ပြောပါတယ်။

သပိတ်မျှောပွဲကျင်းပမယ့် လမ်းကို စစ်ကောင်စီက အခုရက်ပိုင်းမှာပဲ အတက်လမ်းအဆင်းလမ်းခွဲခြား သတ်မှတ်လိုက်ပြီး နေတိုင်းလိုလိုဖမ်းဆီးပြီး ငွေကြေးတောင်းခံနေပါတယ်။

အခုလိုအခြေအနေမှာ စစ်ကောင်စီတပ်သားတွေကို မယုံကြည်တာကြောင့် ထားဝယ်ဒေသခံတွေကတော့ သွားရောက်ဆင်နွဲမှာ မဟုတ်ဘူးလို့ဆိုနေကြပါတယ်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ဟာ နှစ်စဉ်စည်စည်ကားကားကျင်းပနေကြလေ့ရှိပြီး ပွဲတော်မကျင်းပဖြစ်တဲ့နှစ်တွေမှာလည်း ကိုယ့်အစီအစဥ်နဲ့ကိုယ်မြစ်၊ ချောင်းတွေမှာမျှောလေ့ရှိပါတယ် ။ အခုကျင်းပမယ့် သပိတ်မျှောပွဲတော်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတာ​ဖြစ်ပါတယ်။

The Tanintharyi Times