အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် လူပေါင်း ၈၀၀ ကျော်သေဆုံး
အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် လူပေါင်း ၈၀၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၈၀၀ ကျော်သေဆုံးပြီး အနည်းဆုံး ၂၈၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန် အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညသန်းခေါင်မှာ ပြင်းအား ၆ ဒသမ ၀ ရစ်ချ်တာစကေးရှိတဲ့ ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်တယ်။
ဒီငလျင်ဟာ အာဖဂန်မှာ ပဉ္စမမြောက် အကြီးဆုံးမြို့ကြီးဖြစ်တဲ့ ဂျာလာလာဘတ်မြို့ကနေ ၁၇ မိုင်အကွာ နန်ဂါဟာခရိုင်ထဲကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကူနာနဲ့ လက်မန် ခရိုင်တွေကိုလည်း ရိုက်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ တော့ ဒဏ်ရာရသူ သုံးထောင်နီးပါးရှိနေတာကြောင့် အာဖဂန် အာဏာပိုင်တွေက နိုင်ငံတကာအကူအညီတွေကို တောင်းခံထားတယ်လို့ လည်း ရိုက်တာ သတင်းတွေက ဖော်ပြပါတယ်။
ကဘူးလ်မြို့ က ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရှာရာဖတ် ဇာမာန် က တော့ “ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအကူအညီတွေလိုအပ်ပါတယ်။ ဒီမှာ လူတွေအများကြီး သေဆုံးခဲ့ရပြီး အိုးအိမ်တွေ အများအပြား ပျက်ဆီးခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ငလျင်ကြောင့် လတ်ရှိအချိန် သေဆုံးသူ ၈၁၂ ဦးထိ ရှိနေပြီလို့လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
မြို့တော် ကဘူးလ် ကဆေးရုံတွေမှာ လူနာတွေနဲ့ပြည့်နေပြီး ရဟတ်ယာဉ်တွေ နဲ့ ဒဏ်ရာရသူတွေကို သယ်ယူပို့ဆောင်နေရတယ်လို့ သိရပါတယ်။

အာဖဂန် စစ်တပ်ဘက်ကလေယာဉ်တွေနဲ့ ဒဏ်ရာရရှိသူ ၄၂၀ ကျော်ကို ကဘူးလ်က ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ကူနာ မြို့က ကျေးရွာ သုံးရွာဟာလည်း ငလျင်ကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး ကူနာမြို့တစ်ခုတည်းက လူပေါင်း ၆၀၀ ကျော်လောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အာဖဂန်နစ္စတန်မှာ ပြင်းအား ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ပါတယ်။
ကိုးကား – ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times