တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပါ အမေ

တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပါ အမေ

တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပါ အမေ…

နယ်စည်းမခြား တော်လှန်ရေးသမား

“ချေဂွေဗားရား” က ပြောတယ်

“လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်

တရားမျှတမှုကို ချစ်တဲ့စိတ်

အမှန်တရားကို ချစ်တဲ့စိတ်

ဒီကြီးမြတ်တဲ့ အချစ်စိတ်တွေကြောင့်ပဲ

သူတော်လှန်ရေးသမား ဖြစ်လာခဲ့တာပါ” ။

နှစ်ရှည်အကျဉ်းစံဘဝနဲ့ မတရားမှုကို တွန်းလှန်ခဲ့သူ

“နယ်လ်ဆင်မန်တဲလား” က ပြောတယ်

“သမီးလေးကို အချိန်နဲ့အမျှ ထွေးပွေ့ထားချင်ပေမယ့်

တစ်ပြည်လုံးက ကလေးတွေအတွက် သမီးလေးနဲ့ ခဏတာ ခွဲခွာရတာပါ” ။

စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ခဲ့သူ

“ဆလိုင်းတင်မောင်ဦး” က ပြောတယ်

“မငိုပါနဲ့အမေ… အမေ့လိုမျက်ရည်ကျနေရတဲ့ တခြားမိခင်တွေ မျက်ရည်မကျရအောင် သားကြိုးစားနေတာပါ” ။

သူရဲကောင်းဆိုတာ…

ကျဉ်းမြောင်းတဲ့ ချစ်ခြင်းရဲ့ သားကောင်တွေ မဟုတ်ဘူး

လူ့အဖွဲ့အစည်း တစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့်

အဆုံးမဲ့ မေတ္တာမျိုးနဲ့ ကောင်းကျိုးသယ်ပိုးချင်သူတွေ။

နွေဦးရဲ့သားကောင်း သမီးမွန်တွေ ဒီထုံးကို နှလုံးမူကြပါတယ် အမေ…

အမုန်းတရားကြောင့် ဒီစစ်ပွဲကို သားတို့ဆင်နွှဲနေကြတာ မဟုတ်ဘူး

မေတ္တာတရား ပန်းခင်းတွေ ဖူးပွင့်ဝေဆာဖို့အတွက် ကျည်ဆံနဲ့ခဏတာ မိတ်ဖွဲ့ရတာမျိုးပါ အမေ…။

ငြိမ်းချမ်းရေး ဖခင်ကြီး “မဟတ္တမဂန္ဒီ” ကပြောတယ်

“ဒီကမ္ဘာမှာ လူဆိုးသူခိုးတွေ ဘယ်လိုရှိရှိ

အဆုံးသတ်တစ်နေ့မှာ အမှန်တရားနဲ့ ချစ်ခြင်းတရားကပဲ အနိုင်ရမှာတဲ့” ။

သူရဲကောင်းတို့ရဲ့ နှလုံးသွေးထဲက ဖိတ်အန်လျှံကျလာတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့

ဆိုးယုတ်မှု မဟာတံတိုင်းကို ဝိုင်းဝန်းဖြိုဖျက်ကြမယ် အမေ…

စစ်မိစ္ဆာတွေ ကာထားတဲ့ အမှောင်ခေတ်သံကွန်ခြာကို ထိုးဖောက်ဖြတ်ကျော်ကြမယ် အမေ…

သွေးသစ္စာနဲ့ တိုင်တည်ထားတဲ့ ဒီမေတ္တာတရားကြောင့်

မဝေးတော့တဲ့ အနာဂတ်မှာ

တရားမျှတခြင်း လွတ်လပ်ခြင်း ပန်းခင်းလေးတွေ

ဖူးပွင့်ဝေဆာလာတာ အမေမြင်ရတော့မှာပါ

တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပါ အမေ…။

ငြိမ်းပန်

The Tanintharyi Times