စစ်ကောင်စီက စစ်လက်နက်နဲ့ ဘဏ္ဍာငွေ ရရှိနေမှုကို အရေးယူပိတ်ဆို့ဖို့ စင်ကာပူအစိုးရကို တောင်းဆို
စစ်ကောင်စီက စစ်လက်နက်နဲ့ ဘဏ္ဍာငွေ ရရှိနေမှုကို အရေးယူပိတ်ဆို့ဖို့ စင်ကာပူအစိုးရကို တောင်းဆို
မြန်မာစစ်တပ်အတွက် စစ်လက်နက်၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းနဲ့ နည်းပညာတွေကို ပံ့ပိုးပေးနေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ စင်ကာပူအစိုးရကို Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မတရားဖမ်းဆီးနှိပ်စက်တာ စတဲ့ စစ်ကောင်စီကျူးလွန်နေတဲ့ ပြစ်မှုတွေဟာ စင်ကာပူကုမ္ပဏီတွေဆီကနေ လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ ငွေကြေးရန်ပုံငွေရရှိနေတာကြောင့် ဖြစ်တယ်လို့ လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ JFM ကနေ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mr Tom Andrews ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ စင်ကာပူက မြန်မာစစ်တပ်ဆီကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ တိုက်လေယာဉ်အစိတ်အပိုင်းနဲ့ စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလနောက်ပိုင်း မြန်မာစစ်တပ်ဆီကို လက်နက်နဲ့ အခြားသောထောက်ပံ့ပစ္စည်းတွေ ဆက်ပြီး ပေးပို့နေတဲ့ စင်ကာပူလုပ်ငန်းပေါင်း ၁၃၈ ခုအထိ ရှိခဲ့တယ်လို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စင်ကာပူက လုပ်ငန်းတွေ အပါအဝင် မြန်မာနိုင်ငံက ခရိုနီလုပ်ငန်းရှင် ၃ ဦးဖြစ်တဲ့ ထူးကုမ္ပဏီအုပ်စုက ဦးတေဇ၊ Myanmar Chemical & Machinery MCM လုပ်ငန်းစုက ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီက ဦးနိုင်ထွဋ်အောင်တို့ဟာ စင်ကာပူစီးပွားရေးလုပ်ငန်းကွန်ရက်တွေကို အသုံးပြုပြီး မြန်မာစစ်တပ်ဆီ လက်နက်တွေ ပံ့ပိုးနေတယ်လို့ Justice for Myanmar ကနေ သိရပါတယ်။
အဲဒီ ခရိုနီလုပ်ငန်းရှင် ၃ ဦးဟာ အမေရိကန်၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားသူတွေ ဖြစ်ပါတယ်။
စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ဘယ်လိုစစ်လက်နက်ပစ္စည်းကိုမှ ရောင်းချခဲ့တာ မရှိဘူးလို့ ပြီးခဲ့တဲ့လက စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စင်ကာပူနိုင်ငံဟာ စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို မြန်မာဆီ လွှဲပြောင်းရေး တားမြစ်ထားတဲ့ မူဝါဒကို ကတိကဝတ်ပြုထားတယ်လို့ ရေးသားထားပါတယ်။
မကြာမီရက်ပိုင်းမှာ စင်ကာပူအစိုးရကို ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှုဖြစ်တဲ့ ပို့စ်တွေ ဓာတ်ပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ သတင်းစကားတွေကို ဖြန့်ဝေပေးကြဖို့ JFM က တိုက်တွန်းထားပါတယ်။
ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း နိုင်ငံတို့က အာဏာသိမ်းစစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
