မြန်မာအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်းမယ်
မြန်မာအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်းမယ်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ယခုသီတင်းပတ်အတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် အရေးယူရေး အာဆီယံဝန်ကြီးတွေက တိုက်တွန်းသွားဖို့ ရှိနေပါတယ်။
အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားလှယ် မပါဘဲ ကျင်းပမယ်လို့ အာဆီယံ ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုထားပြီး မြန်မာကို အရေးယူဖို့ကိစ္စကိုတော့ မလေးရှားက ဦးဆောင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
မြန်မာ့အကျပ်အတည်း အဖြေရှာရေး ကြိုးပမ်းအားထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ စစ်ကောင်စီအပေါ် ဒေသတွင်းနိုင်ငံတွေက ဒေါသထွက်နေကြပြီး မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရေး တွန်းအားပေးဖို့ မလေးရှားက စီစဉ်နေတာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ စစ်အစိုးရနဲ့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ အုပ်စုတွေအကြား ဆွေးနွေးမှုတွေလုပ်ဖို့ ပါဝင်တဲ့ အာဆီယံရဲ့ တူညီဆန္ဒ ငါးရပ်ကို အကောင်အထည်ဖော်ရေး ပျက်ကွက်နေတဲ့အပေါ် အာဆီယံဝန်ကြီးတွေက လာမယ့်အစည်းအဝေးမှာ ပြစ်တင်ဝေဖန်မယ်လို့ ခန့်မှန်းရပါတယ်။
အလားတူ မြန်မာနိုင်ငံတွင်းမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ တူညီဆန္ဒငါးရပ်ကို ထိထိရောက်ရောက်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကို တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။
အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ တူညီဆန္ဒငါးရပ်ကို အကောင်အထည်ဖော်ရေး တစ်နှစ်ကျော်လာတဲ့တိုင် တိုးတက်မှုမရှိလို့ လက်တွေ့အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်တဲ့ မူဘောင်တစ်ရပ်ကို မလေးရှားက လာမယ့်အစည်းအဝေးမှာ တင်သွင်းဖို့ ရှိနေတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီး အစည်းအဝေးတွေကို နိုင်ငံရေးရာထူးရှိတဲ့ ကိုယ်စားလှယ် မဖိတ်ကြားရေး အာဆီယံက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီလို မဖိတ်တာဟာ အာဆီယံ တူညီဆန္ဒ ငါးရပ်ကို အကောင်အထည်မဖော်ခြင်းနဲ့ အဓိက ဆက်နွယ်နေတာ ဖြစ်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ဇူလိုင် ၃၀ ရက်ကနေ ဩဂုတ် ၆ ရက်အထိ ကျင်းပနေတာဖြစ်ပြီး အာဆီယံရဲ့ မိတ်ဖက်ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ကိုးကား – ချန်နယ်နယူးစ်အေးရှား
The Tanintharyi Times
