တနင်္သာရီတိုင်းက မူလတန်းပြ CDM ဆရာတစ်ဦးနဲ့ အင်တာဗျူး
တနင်္သာရီတိုင်းက မူလတန်းပြ CDM ဆရာတစ်ဦးနဲ့ အင်တာဗျူး
“CDM ပညာရေးဝန်ထမ်းတွေ အဖမ်းအဆီးခံနေရသေးတာက စကစရဲ့ပြည်သူတွေအပေါ် မတရား ဖိနှိပ်လိုမှုတွေလို့ မြင်ပါတယ်။ ရှုတ်လည်းရှုတ်ချပါတယ်။”
အာဏာရှင်တော်လှန်ရေးမှာ ဂုဏ်တွေ၊ ရာထူးတွေ၊ ဝင်ငွေတွေကိုစွန့်လို့ မဆုတ်မနစ် ရပ်တည်ပြီး ကြံ့ကြံ့ခံဖီဆန်နေတဲ့ CDMတွေဟာ တနိုင်ငံလုံးမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ သူတို့တွေရဲ့ ခံယူချက်၊ အမြင်တွေက တစ်နှစ်ကျော်ကာလမှာ ဘယ်လိုရှိနေသလဲဆိုတာသိရဖို့ တနင်္သာရီတိုင်းက မူလတန်းပြ CDM ဆရာတစ်ဦးကို “တောင်ပိုင်းသားတို့အသံ” ကဏ္ဍအတွက် မေးမြန်းဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး – CDM လုပ်ဖို့အတွက် မလုပ်ခင်ကတွေဝေနေတာမျိုးရှိလား၊ ဘယ်လိုဆုံးဖြတ်ချက်ချပြီးလုပ်တာလဲ။
ဖြေ – CDMစလုပ်ဖို့ တွေဝေတာမျိုးမရှိခဲ့ပါဘူး။ အာဏာလုစစ်ကောင်စီကို လုံးဝလက်မခံနိုင်ဘူးလို့ ကျနော်ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ Civil Disobedience Movement ကို ပါဝင်ဖို့ဆုံးဖြတ်ချက်ချခဲ့တာပါ။
မေး – CDM လုပ်ပြီးနောက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ စာပြန်သင်ပေးနေတာမျိုးလုပ်ဖြစ်သေးလား။ ဘယ်လိုပုံစံမျိုးနဲ့သင်ပေးတာလဲ၊အဲဒီအတွက်လုံခြုံရေးကော စိတ်ချရရဲ့လား။
ဖြေ – ကျနော် ထိုင်းကိုမရောက်ခင် စာသင်ပါတယ်။ ကလေးအိမ်က အကူအညီတောင်းလို့ သင်ပေးဖြစ်တာပါ။ လုံခြုံရေးကတော့ အမြဲအစစ်အဆေးရှိနေတဲ့မြို့ပြနေရာမှာ သူလိုကိုယ်လိုပဲ သတိထားရင်းသွားလာပြီး သင်ပေးဖြစ်ခဲ့ပါတယ်။
မေး – စစ်ကောင်စီတပ်က K4U နဲ့ဆက်နွယ်တဲ့ သူတွေနဲ့ CDM ဆရာ၊ ဆရာမ တွေကို ပြန်လိုက်ဖမ်းနေတာရှိတယ်။ အဲဒီလုပ်ရပ်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ – ဒီK4U က ကလေးတွေကို စာသင်တဲ့ Project ပါ။ ဒီမြန်မာနိုင်ငံမှာဖြစ်နေတဲ့ COVID အခြေအနေတွေကနေ ရုန်းထွက်ပြီး Online Classနဲ့အသားကျနေတဲ့ ကလေးတွေရဲ့ ပညာရေးကို အာဏာပြလိုမှု၊ အကြမ်းဖက်လိုမှုတွေနဲ့ စစ်ကောင်စီက ရိုက်ချိုးနေတယ်လို့ မြင်ပါတယ်။ ပြီးတော့ ကျနော်တို CDM ဆရာဆရာမတွေဟာ အာဏာသိမ်းပြီးနောက် ပညာရေးရုံးကနေ အလုပ်ထုတ်စာအပို့ခံရပြီးသားပါ။ အလုပ်ထုတ်ပြီးသားကိုမှ ဒီK4Uကိစ္စအကြောင်းပြပြီး အကြမ်းဖက်နေတာမျိုးကိုတော့ ရှုတ်ချပါတယ်။
မေး – ခုလိုခြေနေတွေဖြစ်လာရတာ K4U ရဲ့ ပေါ့ဆမှုကြောင့်လို့ပြောနိုင်လား။
ဖြေ – K4Uရဲ့ ပေါ့ဆမှုလို့ဆိုတာထက် စစ်ကောင်စီရဲ့ အကြမ်းဖက်၊ ဖိနှိပ်ပြလိုမှုတွေကြောင့်မို့လို့သာ ဒီလိုအဖမ်းအဆီးတွေဖြစ်နေသေးတာပါ။
မေး – စစ်ကောင်စီဖက်ကနေ မိမိလုံခြုံရေးအတွက်တာဝန်ယူပြီး သူတို့ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ စာပြန်သင်ဖို့အတွက် ခေါ်ရင်ကော ပြန်လုပ်မှာလား။
ဖြေ – တလောက စကစဖက်ကနေ အလုပ်ပြန်ဝင်လာရင်လက်ခံပေးမယ်ဆိုပြီး စာထုတ်တာတွေ့ရပါသေးတယ်။ လက်ခံပေးမယ်ဆိုတဲ့ စာသားကြောင့် ကိုယ့်ကိုယ်ကိုဂုဏ်ယူမိပြီး အဆုံးထိ CDM မှာပါဝင်ဖို့ဆုံးဖြတ်ချက်က ပိုခိုင်မာခဲ့ပါတယ်။ ကျေးဇူးတင်ရပါတယ် ။
မေး – လက်ရှိအချိန်မှာကော ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်နေရလဲ၊ အဲဒီအခက်ခဲတွေကို ဘယ်လိုဖြတ်ကျော်နေရလဲ။
ဖြေ-လက်ရှိတော့ ကြိုတင်ခန့်မှန်းထားတဲ့ လက်နက်ကိုင်တော်လှန်ရေးဖြစ်လာတော့ ကျနော့ရဲ့ တလရနဲ့ပတ်သက်ပြီးခံယူချက်ကပြောင်းလဲလာတယ်။ ကျနော်ရဲ့ CDMခံယူတာက ဒီလက်နက်ကိုင်တော်လှန်ရေးအတွက် မကူနိုင်ဘူး။ ကိုယ့်မိတ်ဆွေတွေ ချစ်ရသူတွေက လက်နက်ကိုင်ပီး ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတာ ဒီရဲဘော်တွေအတွက် ကျည်ဆံနိုင် ကျည်ဆံ၊ သေနတ်နိုင်သေနတ် ထောက်ပံ့နိုင်ဖို့ခံယူရင်း ကျနော် ပြည်ပထွက်အလုပ်လုပ်ဖို့ရွေးချယ်ခဲ့တယ်။
မေး – CDM လုပ်မိတဲ့အတွက် နောင်တရမိတာမျိုးရှိလား။
ဖြေ – ကျနော်က ကံကောင်းပါတယ်။ ကျနော်ဆုံးဖြတ်ချက်နဲ့ခံယူချက်ကို လက်ခံပေးတဲ့ မိသားစုကို ကျေးဇူးတင်မိတယ်။ ကျနော် CDM လုပ်နေတဲ့အပေါ် လုံးဝနောင်တမရပါဘူး။
မေး – ဒီတော်လှန်ရေးကာလမှာ လက်နက်ကိုင်လမ်းစဥ်နဲ့ မအပ်စပ်တဲ့ CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးနေတဲ့ စကစတွေကိုကော ဘာပြောချင်လဲ။
ဖြေ – ဒီအာဏာသိမ်းမှုစပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့စဥ်တုန်းက ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM ကြောင့် စကစဟာ ရိုက်ခတ်ခံနေရကတည်းက အသည်းအသန် အလုပ်ထုတ်စာ ထုတ်ပြီးသားပါ။ ဒီလက်နက်ကိုင်တော်လှန်ရေးဖြစ်လာတဲ့အချိန် CDMer တွေနဲ့ အခုအာဏာလုစကစတို့ဟာ လုံးဝပတ်သက်စရာဆက်နွယ်စရာမရှိတော့ပါဘူး။ ဒီအပ်စပ်မှုမရှိတော့တာကိုမှ CDM ပညာရေးဝန်ထမ်းတွေ (သာမန်ပြည်သူအနေနဲ့သာရှိနေကြတဲ့သူတွေ) အဖမ်းအဆီးခံနေရသေးတာက စကစရဲ့ပြည်သူတွေအပေါ် မတရား၊ ဖိနှိပ်လိုမှုတွေလို့ မြင်ပါတယ်။ ရှုတ်လည်းရှုတ်ချပါတယ်။
မေး – CDM ကနေ Non-CDM ပြန်လုပ်သွားတဲ့ ဆရာ ဆရာမတွေကော ရှိလား။ ရှိရင် သူတို့ကို ဘယ်လိုမှတ်ချက်မျိုးပေးချင်လဲ။
ဖြေ – အာဏာစသိမ်းကတည်းက CDMကို အင်တိုက်အားတိုက် အတူတူပါဝင်ခဲ့ပြီး မိသားစုအခြေအနေတွေအရ ငွေရေးကြေးရေးအရ Non ဖြစ်သွားတဲ့သူတွေရှိပါတယ်။ သူတို့ရဲ့အခြေအနေတွေ အခက်အခဲတွေကို ကြားသိနေရတော့ သူတို့အတွက်စိတ်မကောင်းဘူး။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း၊ ကူနိုင်စွမ်းကိုသာ တိုးတက်အောင် လုပ်ဖို့ တွေးမိပါတယ်။
မေး – CDM ဆရာတစ်ဦးအနေနဲ့ ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေကို ဘာပြောချင်တာမျိုးရှိလဲ။
ဖြေ – CDM ဆရာတစ်ယောက်အနေနဲ့ မြို့ပြနေ ကျောင်းသားမိဘတွေကိုပြောချင်တာကတော့အခုအချိန်မှာ အတန်းပညာထက် အသက်မွေးဝမ်းကြောင်းပညာတွေ ၊ ITနည်းပညာတွေ ကလေးတွေအတွက် လိုအပ်မဲ့ skillတွေကိုသာ ရှာဖွေပေးရင်း ပျိုးထောင်ပေးစေချင်မိပါတယ် ။
The Tanintharyi Times
