ထားဝယ်အထူးစီးပွားရေးဇုန်ကရွာတွေကို စစ်ကောင်စီတကျော့ပြန်စစ်ကြောင်းထိုး

ထားဝယ်အထူးစီးပွားရေးဇုန်ကရွာတွေကို စစ်ကောင်စီတကျော့ပြန်စစ်ကြောင်းထိုး

ပုံစာ - ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့တဲ့ မူးဒူးရွာကနေအိမ်တွေ။(ဓာတ်ပုံ-ဒေသခံ)

ရေဖြူမြို့နယ်ထဲက ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းမှာ ပါဝင်နေတဲ့ရွာတွေကို စစ်ကောင်စီ တပ်တွေ တကျော့ပြန်စစ်ကြောင်ထိုးနေလို့ ကျေးရွာသုံးရွာက ပြည်သူတွေထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

မနေ့မနက်ပိုင်းက အင်းအား ၁၀၀ ထက်မနည်းရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ရေဖြူမြို့ဘက်ကနေ ပုဂေါဇွန်းရွာထဲကိုဝင်လာပြီး လူမရှိတဲ့တစ်ထပ်တိုက်အိမ်တွေမှာ တစ်ညတပ်စွဲနေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တစ်ထပ်တိုက်အိမ်တွေမှာပဲရွေးနေတယ်။ ဗိုလ်နေတဲ့အိမ်မှာ ပန်းကန်တွေအားလုံးသေသေ သပ်သပ်ထားပေးခဲ့ပါတယ်။ ကျန်တဲ့အိမ်တွေတော့ လုပ်ချင်သလိုလုပ်ခဲ့ကြတယ်။” လို့ ဒေသခံလူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကြောင်းထိုးပြီး ဇွန် ၂၆ ရက်နေ့မှာ စစ်ကြောင်းပြန်ထွက်သွားတာပါ။ စစ်ကြောင်းပြန်ဆုတ်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့ ဇွန် ၃၀ ရက်နေ့မှာ စစ်ကြောင်းပြန်ဝင်လာတာဖြစ်ပါတယ်။

ဒီကနေ့ ညနေ ၃ နာရီလောက်မှာတော့ ခမောင်းချောင်းရွာကို စစ်ကောင်စီစစ်ကြောင်းရောက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဒီဘက်ကို ပြေးလာတာ ဒီဘက်မှာလာတိုးနေတယ်။ အခုဘယ်ကို ပြေးရမလဲမသိသေးဘူး။ ထွက်ပေါက်မရှိဘဲ ပိတ်မိမှာ စိတ်ပူနေတယ်။” လို့ နေရပ်စွန့်ခွာတိမ်းရှောင်နေတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက‌ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ထိန်ကြီး၊ ခမောင်းချောင်း၊ ဘဝါရွာနဲ့ အနီးတဝိုက်ရွာက အိမ်ထောင်စု ရာချီနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုတခါဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လွန်ခဲ့တဲ့နှစ်ပတ်ကလာခဲ့တဲ့ စစ်ကြောင်းထက် ကျယ်ကျယ်ပြန့်ပြန်နယ်မြေရှင်းလင်းရေးလုပ်နိုင်တယ်လို့ ရေဖြူ(ပကဖ)ရဲဘော်တစ်ဦးက ပြောပါတယ်။

“အရင်တခါလာတာက လမ်းကြောင်းလာကြည့်တဲ့ပုံစံလောက်ပဲ။ အခုတခေါက်ကတော့ ဧကနိတွေဘက်ထိ ရောက်နိုင်တယ်။” လို့ ရေဖြူ(ပကဖ)ရဲဘော်တစ်ဦးက ပြောပါတယ်။

ရေဖြူမြို့နယ်ထဲက ဇာဒီကျေးရွာအုပ်စုမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့စစ်ကောင်စီတို့ပူးပေါင်းအကောင်အထည်ဖော်မယ်ပြောပြီး နှစ်လကျော်အကြာမှာ စီမံကိန်းဧရိယာနဲ့ဆက်စပ်နယ်မြေတွေကို စစ်ကောင်စီတပ်တွေ ခပ်စိပ်စိပ်လှုပ်ရှားလာတာဖြစ်ပါတယ်။

The Tanintharyi Times