အခြေအနေ ပိုမိုဆိုးရွားမသွားစေသင့်ဘဲ အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးအရေးယူပေးဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

အခြေအနေ ပိုမိုဆိုးရွားမသွားစေသင့်ဘဲ အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးအရေးယူပေးဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အခြေအနေ ပိုမိုဆိုးရွာမသွားစေဖို့ စစ်ကောင်စီကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်‌ အရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်ဆိုလိုက်ပါတယ်။

မနေ့က (ဇွန်လ ၃၀ရက်) နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှစ်စဉ်အစီရင်ခံစာ (Annual Report of the United Nations Security Council) ၂၀၂၂ ခုနှစ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်း အတည်ပြုတဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာသံအမတ်ကြီးက အခုလို ထည့်သွင်းတောင်းဆိုသွားတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ လိုအပ်နေပြီး ထုတ်ပြန်ချက်တွေထုတ်ပြီး ရှုတ်ချနေတာလောက်နဲ့ မလုံလောက်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဆိုပါ အစည်းအဝေးမှာ ထောက်ပြပြောဆိုသွားပါတယ်။

“အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်” ဆိုတဲ့ စကားကို မကြာခဏကြားနေရပြီး မြန်မာနိုင်ငံက အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်တာက အခြေအနေကို ပိုမိုဆိုးရွားစေမှာမဟုတ်ဘူးလို့လည်း သံအမတ်ကြီးက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံတကာပြစ်မှု ကျူးလွန်နေတဲ့သူတွေိကို အပြစ်ပေးအရေးယူတာနဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒါဏ်ခတ်မှုကင်းလွတ်နေတာတွေကို ရပ်တန့်တာကလည်း အခြေအနေကို ပိုမိုဆိုးရွားစေမှာမဟုတ်ဘူးလို့ သူကထပ်လောင်းပြောကြားပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ မျှော်မှန်ချက် ရည်မှန်းချက်တွေကို ကုလလုံခြုံရေးကောင်စီအနေနဲ့ အထူးအလေးပေး အာရုံစိုက်ဖို့နဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉အရ ဆောင်ရွက်နေတာတွေမှာ နောက်ဆက်တွဲအရေးယူမှုတွေကိုပါ လုပ်ဆောင်ပေးဖို့ကို တောင်ဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲကမှ ပဇီကြီး ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ဟာ အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုဖြစ်ပြီး ဗုံးကြဲမှုကြောင့် ၆လသားကလေးငယ်အပါအဝင် လူပေါင်း ၂၀၀နီးပါးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ဟာ သီးခြားဖြစ်စဉ်မဟုတ်ဘဲ စစ်တပ်က ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာလို့ အစည်းအဝေးမှာ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

Connect Burma

The Tanintharyi Times