ပုလောမှာ လေးရက်အတွင်း တိုက်ပွဲငါးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံး

ပုလောမှာ လေးရက်အတွင်း တိုက်ပွဲငါးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံး

ဓာတ်ပုံ - PPDF

ပုလောမြို့နယ်မှာ လေးရက်အတွင်း စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲငါးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၇ရက်နေ့ကနေ ၃၀ရက်နေ့အထိ ပုလောမြို့နယ်ထဲက နန်းတောင်ရွာ၊ ပုလောကုန်းရွာ၊ ကျောင်းနိမ့်ရွာ ၊ မှော်မိရွာ နဲ့ မကျည်းကုန်းရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၂၇ရက်နေ့က နန်းတောင်ရွာမှာဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၉ရက်နေ့ မကျည်းကုန်းရွာတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်ကပျူစောထီး ၁ ဦးသေဆုံးခဲ့ပါတယ်။

မနေ့က ၃၀ရက်နေ့မှာလည်း မိုင်းဆွဲတိုက်ခိုက်မှုနဲ့ တိုက်ပွဲ နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပုလောPDFအဖွဲ့ တာဝန်ရှိသူကပြောဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ တစ်ဦးသေဆုံးခဲ့ပြီး လေးဦးကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ချိန်နဲ့တိုက်ပွဲပြီးချိန်တွေမှာ စစ်ကောင်စီရဲ့ခလရ(၂၈၅)တပ်ရင်းကနေ လက်နက်ကြီးနဲ့ စက်သေနတ်တွေ အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်အင်အားကိုလည်း ၃၀၀ ကျော်လောက်အထိဖြန့်ကျက်ချထားတယ်လို့သိရပါတယ်။

အဲဒီလေးရက်အတွင်းမှာ တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်ထဲကဒေသခံ ၁၀၀၀ ကျော်စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် နေအိမ်၂ဆောင်လည်းပျက်စီးခဲ့ပါတယ်။

ဒီနေ့မနက်ကလည်း ပုလောမြို့နယ်၊ တပိုရွာအနီးမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo ကား နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့ တနင်္သာရီတိုင်းမ်ကတော့ အတည်မပြုနိုင်သေးပါဘူး။

The Tanintharyi Times