မဲခေါင်-လန်ချန်း အစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာကို လာမယ်

မဲခေါင်-လန်ချန်း အစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာကို လာမယ်

China
ဓာတ်ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဇူလိုင်လ ၃ ရက်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

၇ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းမြို့မှာ သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီး အိမ်ရှင်မြန်မာနဲ့ တရုတ် အပါအဝင် ဒေသတွင်း ခြောက်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်မှာဖြစ်ပါတယ်။

ဝမ်ယီဟာ အာဏာမသိမ်းခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ကာ တစ်နှစ်ခွဲအကြာမှာ မြန်မာကို ထပ်မံလာရောက်မှာ ဖြစ်သလို အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့ ခရီးစဉ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာကနေတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံကို ခရီးဆက်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများရဲ့ ထိပ်သီးအစည်းအဝေး G20 ကို တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေဆီ ခရီးဆက်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမှာ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ ပါဝင်ကြပါတယ်။

ကိုးကား – CGTN

The Tanintharyi Times