နှာခေါင်းစည်း မဖြစ်မနေတပ်ရမဲ့ နေရာတွေ စစ်ကောင်စီထုတ်ပြန်

နှာခေါင်းစည်း မဖြစ်မနေတပ်ရမဲ့ နေရာတွေ စစ်ကောင်စီထုတ်ပြန်

Mask
ဓာတ်ပုံ - Dawei Red Cross Branch

ကိုဗစ်နဲ့ သက်ဆိုင်တဲ့ အမိန့်၊ ကန့်သတ်ချက်တွေထဲက နှာခေါင်းစည်း(Mask) တပ်ရမဲ့ စည်းကမ်းချက်တချို့ကို ဖြေလျှော့ကာ မဖြစ်မနေ တပ်ထားဖို့ လိုအပ်တဲ့နေရာတွေကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

နှာခေါင်းစည်းကို အများပြည်သူအသုံးပြုတဲ့ ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်အစရှိတဲ့ ယာဉ်တွေနဲ့ ခရီးသွားလာရာမှာ မဖြစ်မနေတပ်ဆင်ရမှာဖြစ်သလို ဆေးရုံ/ကျန်းမာရေးဌာန၊ ရုံး၊ ကျောင်း၊ ဈေးဝယ်စင်တာ၊ ဘိုးဘွား ရိပ်သာနဲ့ လူထူထပ်တဲ့နေရာတွေမှာလည်း တပ်ဆင်ဖို့လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ဒါ့အပြင် ဖျားနာတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်မအီ မသာဖြစ်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ရုတ်တရက်အနံ့အရသာပျောက်ဆုံးတဲ့ ကိုဗစ်(၁၉)ကူးစက်ခံရတဲ့ သံသယလက္ခဏာတစ်ခုခုရှိရင်လည်း မဖြစ်မနေတပ်ဆင်ရမယ်လို့ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားမှုနဲ့သေဆုံးမှုနှုန်း သိသိသာသာ လျော့နည်း၊ ကျဆင်းလာတာကြောင့် အခုလိုဖြေလျှော့ပေးခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၆၁၃,၅၉၆) ဦး ရှိပြီဖြစ်ပြီး ကိုဗစ်(၁၉) ရောဂါနဲ့ သေဆုံးသူစုစုပေါင်း (19,434) ဦးခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။

The Tanintharyi Times