“ဒီမှာတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလူနာတွေနဲ့ပြည့်နေတယ်”
“ဒီမှာတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလူနာတွေနဲ့ပြည့်နေတယ်”

မိုးဦးကာလအတွင်းမှာ ထားဝယ်က ဆေးရုံ၊ ဆေးခန်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်နေတဲ့ ကလေးငယ်တွေနဲ့ ပြည်နေပါတယ်။ အဲဒီသွေးလွန်တုပ်ကွေးကြောင့် ပြီးခဲ့တဲ့ မေလတစ်လအတွင်းမှာပဲ ထားဝယ်က ကလေးငယ်သုံးဦးအထိ သေဆုံးခဲ့ပါတယ်။
ထားဝယ်မြို့က သွေးလွန်တုပ်ကွေးဖြစ်နေတဲ့အခြေအနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေရဲ့ အခြေအနေကို သိရဖို့ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးနဲ့ သူနာပြုတစ်ဦးတို့ကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေမေးမြန်းထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
◉ ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်က ကလေးမိခင်တစ်ဦး
မေး – အခုမိုးရာသီအစ ထားဝယ်ခရိုင်ထဲမှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေတယ်လို့ သိရတယ်ပေါ့နော်။ ရပ်ကွက်တွေထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာရော သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေကြားနေရလဲ။
ဖြေ – ရပ်ကွက်ထဲမှာက သွေးလွန်တုပ်ကွေးဖြစ်နေတာ တော်တော်မျာများကိုရှိတယ်။ အစ်မတို့ရပ်ကွက်မှာ ၁၂နှစ်၊ ၁၃နှစ် လောက်အထိဖြစ်နေတယ်။ ကြက်စားပြင်ဘက်မှာဆိုရင် ပိုအဖြစ်များတယ်ကြားရတယ်။ အသက် ၁၅ နှစ်အရွယ်လောက်အထိ ဖြစ်နေတယ်ကြားရတယ်။ အခုကမိုးဦးလည်းဖြစ်တော့ အရမ်းကိုအဖြစ်များနေကြတယ်။ ပတ်ဝန်းကျင်မှာကတော့ မိဘတွေက သွေးလွန်တုပ်ကွေးဖြစ်မယ်ဆိုတာတွေကြားရတာပေါ့။ အဓိကကလေးတွေပဲပေါ့နော်။ အစ်မအသိဆိုရင်တောင် ဆေးရုံတင်နေရတာ လေးငါးယောက်ရှိပြီ။ ရပ်ကွက်ထဲက ဆေးခန်းဆိုလည်း လူကပြည်နေတာပဲ။ ဆေးခန်းက ခြောက်နာရီစရင် ကိုးနာရီအထိလူက ပြည့်နေတာပဲ။ ဖျားနာတာကလည်း ကလေးတွေများတာပေါ့။
မေး – ဘာကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်တယ်လို့ သိထားလဲ။ ဘာကြောင့်ဒီနှစ်မှာ အဖြစ်များတယ်လို့ ထင်လဲ။
ဖြေ – ကျမသိသလောက်ကတော့ ခြင်ကြောင့်ဖြစ်တာပဲပေါ့။ ခြင်ပေါလာအောင်ကလည်း ကျမတို့ရပ်ကွက်မှာဆိုရင် ရေမြောင်းတွေမရှိဘူး၊ အကုန်လုံးပိတ်နေတယ်။ မိုးနည်းနည်းရွာရင်ကို လမ်းရောအိမ်အောက်တွေရော ရေပြည့်သွားရော။ မိုးတိတ်သွားရင်တောင် ရေအိုင်တွေကကျန်ခဲ့တာ။ အိမ်နောက်ဖေးတွေ အိမ်အောက်တွေဆိုရင်လည်း ရေတွေဝပ်နေတာပေါ့။ အဲလိုနဲ့ခြင်တွေကပေါလာတာပဲ။ အဲလိုနဲ့ သွေးလွန်တုပ်ကွေးက အဖြစ်များလာတာပဲ။
မေး – သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လို လက္ခဏာတွေကြည့်ပြီးသိနိုင်တယ်လို့ရော သိထားပါလဲ။
ဖြေ – ကလေးတွေအဖျားမကျဘူး၊ စားပြီးရင်လည်း အန်လာတယ်။ နွမ်းလာတယ်၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး အဖျားမကျဘူး။ သာမန်ဖျားတဲ့လူက ဖျားလို့ ဆေးသောက်ရင် အဖျားကျသွားတယ်။ သွေးလွန်တုပ်ကွေးကတော့ သုံးရက်လောက်အထိအဖျားမကျတာမျိုးဖြစ်တယ်လေ။ ခန္ဓာကိုယ်မှာ အနီကွက်တွေထွက် အစက်တွေထွက်ရင်တော့ အခြေအနေဆိုးတဲ့ထဲပါမှာပေါ့။ သုံးရက်အထိအဖျားမကျရင်တော့ ဆေးရုံဆေးခန်းပြသင့်ပြီပေါ့။ ဖြစ်နိုင်ရင် တစ်ရက်နှစ်ရက်နဲ့တောင် ဆေးခန်းပြတာတော့ အကောင်းဆုံးပေါ့။
မေး – ကိုယ့်အိမ်က ကလေးငယ်တွေ အခုကာလမှာ နေထိုင်မကောင်းဖြစ်တာမျိုးရှိလား။ ရှိရင် သူ့ကိုရော ဆေးရုံ၊ ဆေးခန်းပြဖြစ်လား၊ ဘယ်လိုတွေဂရုစိုက်ပေးဖြစ်လဲ။
ဖြေ- ကျမတို့အိမ်မှာ ကလေးက ၁၂ နှစ်ကျော်ပါ။ သူကဖျားတယ်။ ဖျားတာသိတာနဲ့ ဆေးခန်းသွားပြလိုက်တယ်။ သွေးလွန်တုပ်ကွေးကြောက်လို့ပါပဲ။ ရွာထဲကဆေးခန်းကိုပဲသွားပြလိုက်တော့ ဆေးသောက်ပြီး သက်သာသွားတယ်။ နှစ်ရက်ဆေးသောက်လိုက်ပြီး သက်သာသွားတာပေါ့။ အဲဒီဆေးခန်းဆိုရင်လည်း
မေး – ကိုယ့်ပတ်ဝန်းကျင်က ကလေးငယ်ရှိတဲ့နေအိမ်တွေမှာရော သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြုမူနေထိုင်နေကြတာကို မြင်ရလဲ။
ဖြေ – အဓိကကတော့ ခြင်ကိုစိုးရိမ်ကြတယ်။ တခြားထွေထွေထူးထူးဂရုစိုက်တာထက်ပေါ့နော်။ ခြင်နဲ့ပတ်သက်လို့ကတော့ ခြင်ဆေးလိမ်းပေး၊ ခြင်ဆေးထွန်းပေးတာတွေအဓိကလုပ်နေကြတာပေါ့။ ခြင်ပဲစိတ်ပူနေရတဲ့ အခြေအနေဖြစ်နေတာပေါ့။
မေး – ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အာဏာသိမ်းပြီးနောက် ဆေးဝါးမလုံလောက်တာ၊ ဆရာဝန်နဲ့ သူနာပြုမလုံလောက်တာတွေ ရှိနေတယ်ပေါ့နော်။ လက်ရှိသွေးလွန်တုပ်ကွေးအဖြစ်များနေတဲ့ အချိန်မှာရော ထားဝယ်ဆေးရုံကြီးမှာ ဘယ်လိုအခြေအနေရှိတယ်လို့ သိရလဲ။
ဖြေ – သူတို့မှာ ဆရာဝန်လုံလောက်တာမရှိဘူး။ ဆေးဆိုရင်လည်း စာနဲ့ရေးပေးလိုက်တယ်။ ဆေးသုံးမျိုးပေးရမယ့်နေရာမှာဆိုရင် နှစ်မျိုးကိုဝယ်ခိုင်း၊ တစ်မျိုးကိုပေးတယ်။ ဆေးရုံမှာ ကုတင်မလွတ်လို့ ပြန်လွှတ်ချနေရတယ်။ ကလေးတွေများလွန်းတော့ သူတစ်ခုတည်းလက်မခံနိုင်တော့ဘူးဆိုပြီးတော့ ပြန်လွှတ်ချတာပေါ့။ ဒါပေမဲ့ ဆေးရုံကြီးမှာက လူနာတွေကိုအရမ်းဂရုတစိုက်တော့ မရှိဘူးပေါ့။ လူနာကလည်းများလာတာကိုး။ အဲတော့ ငွေသုံးနိုင်ရင်တော့ ဆေးရုံကြီးကိုမသွားကြဘူး။ ညရေးညတာတွေဆိုလည်း စိတ်မချရဘူးပေါ့။
မေး – ငွေကြေးပြည်စုံတဲ့သူတွေကတော့ ပြည်သူ့ဆေးရုံကြီးထက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကို ပိုပြီးအားထားလာကြတာကိုတွေ့ရတယ်။ သာမန်လက်လုပ်လက်စား မြို့ခံတွေအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေရဲ့ ဆေးကုသစရိတ်တွေနဲ့ ဆိုးဖိုးဝါးခတွေက လက်လှမ်းမှီတဲ့အခြေအနေရှိလား၊ ဘယ်လိုတွေလုပ်ဆောင်နေကြတာမြင်ရလဲ။
ဖြေ – အပြင်ဆေးရုံကတော့လည်း ပိုက်ဆံပိုကုန်တာပေါ့နော်။ သာမန်ကတော့ ဆေးရုံကြီးပဲသွားကြရတာပဲ။ အရင်တစ်ပတ်ကဆို ကျမအသိတစ်ယောက်ရဲ့သား ဆေးရုံကြီးမှာပြည့်နေလို့ မယ်ဒီလန်းဆေးရုံကို လေးရက်လောက်ဆေးရုံတင်ရတယ်။ သွေးလွန်တုတ်ကွေးဖြစ်တာပဲ။ အဲဒါ ငါးသိန်းခြောက်သိန်းလောက်က ကုန်သွားတယ်လေ။ ဒါတောင်အနည်းဆုံးကုန်တာပဲ။ အခန်းခနဲ့ဘာနဲ့က မလွယ်ဘူး။ ဆေးရုံကြီးမှာဆိုရင်တော့ အဲလောက်ကို တစ်သိန်းလောက်ပဲကျမှာပေါ့။
မေး – စားဝတ်နေရေးအဆင်မပြေတဲ့သူတွေအနေနဲ့ နေထိုင်မကောင်းဖြစ်ရင် ဆေးရုံကြီးရော၊ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကိုလည်းမသွားဘဲ ဆေးမီးတိုတွေ၊ ကုန်စုံဆိုင်ကသောက်ဆေးဝယ်ပြီးကုသတာတွေလည်း များလာတယ်လို့ သိရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရော အဲဒီလိုတွေ ကြားနေရလား။
ဖြေ – ဆေးမီးတိုကတော့ ရှိနေမှာပါပဲ။ ကျမအနီးအနားမှာတော့ သိပ်မတွေ့ရဘူးပြောရမယ်။ စပ်ဆေးဝယ်သောက်တာတောင်နည်းသွားတယ်။ ရပ်ကွက်ထဲက ဆေးခန်းကလည်း တော်တော်အဆင်ပြေတယ်။ တစ်ခေါက်ကို ငါးထောင်လောက်ပဲကျတော့ သွားလို့နိုင်ကြတယ်ပေါ့။ ပြီးတော့ ဆေးလည်း သုံးကြိမ်စာရတော့ ဆေးခန်းကိုအားကိုးကြတယ်။
မေး – သွေးလွန်တုပ်ကွေးအဖြစ်များနေတော့ လူမှုကူညီရေးအဖွဲ့တွေက ခြင်ဆေးဖြန်းတာတွေလုပ်ဆောင်နေတာကိုတွေ့ရတယ်။ ကိုယ်နေတဲ့ရပ်ကွက်၊ ကျေးရွာအတွင်းမှာရော အဲလိုလုပ်ဆောင်ပေးတာတွေရှိနေပြီလား။
ဖြေ – ကျမတို့ရပ်ကွက်တွေမှာ ခြင်ဆေးလာဖြန်းတာမျိုးတော့မရှိဘူး။ သူတို့က သွေးလွန်တုပ်ကွေး ပိုအဖြစ်များတယ်ဆိုတဲ့ ရပ်ကွက်မှာဖြန်းနေတာထင်တယ်။ တကယ်တော့ အကုန်လုံးကဖြစ်နေတာပါပဲ။ ဒါပေမဲ့ ခြင်ဆေးလည်း ရပ်ကွက်တိုင်းဖြန်းမပေးနိုင်ကြသေးဘူးထင်တယ်။ ကျမတို့ကတော့ ခြင်ဆေးဖြန်းတာတွေလာလုပ်ပေးစေချင်တယ်။ ပြီးတော့ ပိုးလောက်လန်းသတ်တဲ့ သဲဆေးထုတ်တွေဆိုရင်လည်း မနှစ်ကလာပေးတယ်၊ ဒီနှစ်လာမပေးဘူး။ တကယ်ဆို ဒီနှစ်က ပိုအခြေအနေဆိုးနေတာ။
မေး – သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနတွေက ရပ်ကွက်တွေ၊ နေအိမ်တွေမှာ အသိပညာပေးတာနဲ့ ကြိုတင်ကာကွယ်ဖို့လုပ်ဆောင်နေတာတွေရောရှိနေပြီလား။ သက်ဆိုင်ရာကျန်းမာရေးဌာနတွေအနေနဲ့ ဘာတွေလုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ – ဟိုနေ့ကတော့ ကျန်းမာရေးဌာနက ဟောပြောပွဲလာခေါ်တယ်။ စာရွက်နဲ့ခေါ်တယ်။ ရွာထဲမှာ သွားတဲ့သူတောင် နည်းနည်းပဲရှိတယ်။ ကျမလည်းမသွားဖြစ်ဘူး။ ဘာဖြစ်လို့ မသွားဖြစ်လဲဆိုရင် ဟောပြောပွဲလောက်ပဲလာလုပ်တာနဲ့ ဘာမှမထူးဘူးလေ။ အားလုံးနီးပါးက သိပြီးသားပဲ၊ ဘယ်လိုတွေနေရမယ် ဘာလုပ်ရမယ်ဆိုတောတွေပေါ့နော်။ ဟောပြောပွဲလောက်ပဲလုပ်ပြီး ရပ်ကွက်ထဲမှာမြောင်းတွေမဖောက်ဘူး ခြုံတွေရေဝပ်နေတဲ့နေရာတွေမရှင်းဘူးဆိုရင် ဘာမှမထူးဘူး။ ဒါတွေဝိုင်းလုပ်ဖို့ လိုတာပေါ့။ အဲလောက်အဖြစ်များနေတာတောင် ဒါတွေကမရှိဘူးလေ။
◉ ထားဝယ်မြို့ပေါ် ပုဂ္ဂလိကဆေးရုံက သူနာပြုတစ်ဦး
မေး – ဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးအဖြစ်များနေတာပေါ့နော်။ လက်ရှိဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေဘယ်လောက် အထိများနေလဲ။
ဖြေ – အခုက ဒီမှာတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလူနာတွေနဲ့ပြည့်နေတယ်။ သွေးလွန်တုပ်ကွေးသိသိသာသာများလာတာကတော့ အခုမေလအစလောက်မှာစလာတာပဲ။ အများစုက ၁၃ နှစ်အောက် ကလေးတွေချည်းပဲပေါ့နော်။ အခန်းအားလုံးပြည့်နေတာပေါ့နော်။ တချို့ဆေးရုံဆင်းလို့ နေရာလပ်သွားတယ်ဆိုရင်လည်း အသစ်ထပ်လက်ခံတာပေါ့။ ဒီမှာက အကုန်လုံးဆို လူနာအယောက်လေးဆယ်လောက်ရှိတယ်ပေါ့နော်။ အဲဒီမှာတစ်ဝက်ကျော်က သွေးလွန်တုပ်ကွေးလူနာတွေပါ။ သုံးလေးရက်လောက်ကြာပြီးရင် ဒီကကလေးတွေဆေးရုံဆင်းကြရင် အသစ်ထပ်ရောက်လာတာပဲ။ ကျန်တာကတော့ မွေးဖွားလူနာတွ တခြားလူနာတွေပေါ့။ တခြားဆေးရုံတွေရဲ့အခြေအနေကိုတော့ သိပ်မပြောတတ်ဘူးပေါ့နော်။
မေး – သွေးလွန်တုပ်ကွေး ဖြစ်တဲ့သူများလို့ ထားဝယ်ပြည်သူ့ဆေးရုံကြီးနဲ့ ပုဂ္ဂလိကဆေးရုံတွေက အပြန်အလှန်လူနာတွေကို ပို့နေရတယ်လို့ သိရတယ်၊ အဲဒီအခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ – တကယ်တော့ ပုဂ္ဂလိကဆေးရုံတွေက လူနာတွေကိုလက်ခံပါတယ်။ ကလေးအထူးကုက အခြေအနေကြည့်လိုက်ပြီးတော့ လူနာက ပုဂ္ဂလိကဆေးရုံတက်လို့ အဆင်ပြေနိုင်လားပေါ့နော်။ အဆင်မပြေရင်တော့ ဆေးရုံကြီးကို လွှတ်ပေးတယ်။ ပြီးတော့ ဒီမှာလူနာတွေပြည့်နေရင်လည်း ဆေးရုံကြီးကိုလွှတ်တယ်၊ တခြားဆေးရုံတွေကိုလွှတ်တယ်။ ဆေးရုံကြီးကနေတော့ ကျမတို့ဘက်ကို လာတာတော့ မရှိဘူး။ ဒီမှာပြည့်နေလို့ ဆေးရုံကြီးကိုလွှတ်ရတာတွေကတော့ တော်တော်များတယ်။
မေး – တစ်နေ့ကို ဆေးရုံမှာ သွေးလွန်တုပ်ကွေး လူနာဘယ်လောက်အထိရောက်နေလဲ။
ဖြေ – ဒီမှာ လေးငါးဆယ်ယောက်လောက်ကပဲပုံမှန်ရှိတယ်။ ကလေးလူနာတွေကိုတော့ ပုလဲဆေးခန်းမှာပြတာများတယ်။ ကလေးအထူးကုဆရာဝန်ကလည်း ဒီကိုတော်ရုံမလွှတ်ဘူးပေါ့နော်။ ဖျားပြီးလာတာတော့ လူတိုင်းဖျားပြီးလာတာပဲ။ ဒါပေမဲ့ ဒီမှာက ကလေးအထူးကုဆရာဝန်မထိုင်တော့ ဒီကိုလာရင်လည်း ပုလဲဆေးခန်းကိုလွှတ်ပြီး ဆရာမကပြန်လွှတ်မှ ဒီကိုပြန်လာလို့ပြောတာပေါ့။ ထားဝယ်မှာက လောလောဆယ် ကလေးအထူးကုဆရာဝန်က နှစ်ယောက်ပဲရှိမှာပေါ့။ ဆရာမ ဒေါ်နှင်းနှင်လွင်က ပုလဲဆေးခန်းနဲ့ ဆေးရုံကြီးမှာထိုင်တယ်။ နောက်တစ်ယာက်က မယ်ဒီလန်းဆေးရုံမှာထိုင်တယ်။ မယ်ဒီလန်းဆေးရုံမှာတော့ စစ်တပ်ဆရာဝန်လို့ကြားတယ်၊ သေချာတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာကတော့ ဆေးရုံကိုရောက်တာနဲ့ တခါတည်းပြလို့ရတာပေါ့။
မေး – ဆေးရုံကြီးနဲ့ ပုဂ္ဂလိကဆေးရုံမှာဆိုရင် ဘယ်ဟာကိုရွေးချယ်ကြတာများလဲ။
ဖြေ – တော်တော်များများကတော့ ဆေးရုံကြီးကို မသွားချင်ကြတာများတယ်။ ကျနော်တို့ကို အဆင်ပြေသလိုပဲထားပေးပါ၊ ဆေးရုံကြီးကိုတော့ မသွားချင်ဘူး အဲလိုတောင်းဆိုတာတွေအထိရှိတယ်။ ဆေးရုံကြီးမှာက သိတဲ့အတိုင်းပဲ ဝန်ထမ်းမလုံလောက်ဘူးဆိုတာ အကုန်သိကြတာကိုး။ ဆေးရုံကြီးကိုသွားရင် ဘာမှမလုပ်ပေးဘူး ဒီအတိုင်းထားထားတယ်ဆိုပြီး အဲလိုတွေပဲပြောကြတာများတာပေါ့။ လူတွေကလည်း အချင်းချင်းပြောကြတယ်ထင်ပါတယ်။ တကယ်တမ်း ဆေးရုံကြီးက ဆရာမတွေကျတော့လည်း အဲလိုပြောရင်မကြိုက်ကြဘူးပေါ့။ တကယ်တမ်းကတော့ ဝန်ထမ်းမလောက်တာလို့ပဲထင်တယ်။
မေး – သွေးလွန်တုပ်ကွေးကြောင့် ထားဝယ်မှာ မေလတစ်လအတွင်းမှာ သေဆုံးတဲ့ ကလေးငယ်သုံးဦးအထိရှိလာပြီ။ ဘာကြောင့် အခုလိုသွေးလွန်တုပ်ကွေးကြောင့် ကလေးငယ်သေဆုံးတဲ့သူတွေရှိလာတယ်လို့ ထင်လဲ။
ဖြေ – အိမ်မှာသုံးလေးရက်ထားပြီးမှာ ဆေးရုံတင်တာမျိုးဖြစ်နိုင်တယ်။ ထားဝယ်မြို့ပေါ်မှာဆိုရင် ဘယ်လိုပဲပြောပြာ ဆေးရုံဆေးခန်းက လက်လှန်းမှီတဲ့ထဲပါသေးတာပေါ့နော်။ အကြောင်းအရင်းတော့ ကျမသေချာတော့ မပြောနိုင်ဘူးပေါ့နော်။ ကျမသိရသလောက်ကတော့ ကလေးကငယ်တယ် သွေးလွန်တုတ်ကွေးဖြစ်တယ်ဆိုရင် မြန်မြန်ဆေးရုံဆေးခန်းပို့ပြီး လိုအပ်တဲ့ကုသမှုခံယူဖို့လိုတာပေါ့နော်။ အများစုကတော့ ဖျားတယ်ဆိုရင်လည်းသွေးလွန်တုပ်ကွေးမှန်းမသိဘဲ ရိုးရိုးပဲ ပါရာစီတမောလေးတိုက်ပြီး ထားတတ်ကြတာဆိုတော့လေ။ အခုကာလကတော့ အဖျားမကျဘူးဆိုတာနဲ့ ဆေးရုံဆေးခန်းအမြန်ပြဖို့ လိုတာပေါ့။
The Tanintharyi Times