နန်းပရုပ်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ ရွာခံ ၂ ဦးကို ဖမ်းဆီး၊ နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ခဲ့
နန်းပရုပ်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ ရွာခံ ၂ ဦးကို ဖမ်းဆီး၊ နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ခဲ့
ပုလောမြို့နယ်၊ နန်းပရုပ်ရွာမှာ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ၂ ဦးကိုဖမ်းဆီးထားပြီး နေအိမ်တစ်ဆောင်ကိုပါမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လွန်ခဲ့တဲ့ နှစ်ရက်၊ အရင်လ (၃၀) ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ရွာခံ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားတွေကိုတော့ ပုလောအခြေစိုက် ခြေလျင်တပ်ရင်း (၂၈၅) ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရိုက်နှက်ပြီး ဖမ်းသွားတာ။ မိန်းမ ၃ ယောက်တော့ ပြန်လွတ်လာတယ်။ ဘယ်ချိန်ဘယ်လိုလွတ်လာလဲဆိုတာတော့ မသိဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာအနီးအနားက ခြေတံရှည်သစ်သားအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်က မနေ့က မွန်းလွဲ ၁၁ နာရီလောက်မှာ မီးလာရှို့ခဲ့တာလို့ သိရပါတယ်။
“အဲဒီအနီးတဝိုက်က လူမနေတော့တာ ကြာပြီ။ သူ့အိမ်ကို ရွေးရှို့တာကလည်း တိုက်ပွဲဖြစ်တဲ့ နေရာနဲ့နီးနေလို့ ထင်တယ်။ တခြားအကြောင်းကတော့ မသိဘူး။” လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နန်းပရုပ်ရွာဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတဲ့ ထမင်းမစားရွာနဲ့ ကပ်ရပ်ရွာဖြစ်ပြီး ဒေသခံတချို့တဝက်ကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ရှောင်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း နန်းပရုပ်ရွာမှာ စစ်ကောင်စီတပ်သားတွေ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီဘက်က အခုလိုတွေ အကြမ်းဖက်လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။
The Tanintharyi Times