ထားဝယ် – မြိတ်ကားလမ်းပေါ်မှာ ကားသုံးစီးပစ်ခတ်ခံရ
ထားဝယ် – မြိတ်ကားလမ်းပေါ်မှာ ကားသုံးစီးပစ်ခတ်ခံရ
ထားဝယ်-မြိတ်ကားလမ်းမပေါ်က သရက်ချောင်းမြို့နယ်အတွင်း ညဘက်မောင်းလာတဲ့ ကားနှစ်စီးနဲ့ နေ့ဘက်မောင်းလာတဲ့ခရီးသည်ကားတစ်စီးပစ်ခတ်ခံခဲ့ရပါတယ်။
မေလ ၃၁ ရက်ည ၈ နာရီ ဝန်းကျင်မှာ ထားဝယ်ဘက်ကနေ မြိတ်ဘက်ကို မောင်းနှင်လာတဲ့ ကုန်ကားတစ်စီးနဲ့ အအေးခန်းကား တစ်စီးကို စစ်ဆေးဖို့တားဆီးခဲ့ပေမယ့် ရပ်မပေးတဲ့အတွက်ပစ်ခတ်ခဲ့တယ်လို့ ကစယ်ဒိုကျားအဖွဲ့ကနေသိရပါတယ်။
သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကားတစ်စီးတာယာပေါက်သွားခဲ့ပြီး နောက်တစ်စီးကတော့ဆီတိုင်ကီပေါက်သွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာလည်း ထားဝယ်ကနေ မြိတ်ကိုမောင်းလာတဲ့မှန်လုံကားတစ်စီးကိုလည်း တားဆီးစစ်ဆေးချိန်မှာနောက်ပြန်ဆုတ်ပြေးတဲ့အတွက် ပစ်ခတ်ခဲ့တယ်လို့ ကစယ်ဒိုကျားအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“ကျည်ထိမှန်တဲ့ယာဥ်မောင်းတစ်ဦးကိုတော့ စိုးရိမ်ရတဲ့အခြေနေဖြစ်တဲ့အတွက် အရေးပေါ်ကုသပေးပြီး ဆေးရုံကိုပို့ပေးလိုက်ပါတယ် ကျန်ခရီးသည် နှစ်ဦးကတော့ ရှပ်ထိရုံပဲဆိုတော့ဆေးထည့်ပေးလိုက်တယ်” လို့ အဖွဲ့တာဝန်ရှိသူကဆိုပါတယ်။
ညအချိန်ခရီးမသွားကြဖို့ သတိပေးစာတွေထုတ်ပြန်ထားတဲ့အပြင် လူကိုယ်တိုင်လမ်းပေါ်ထွက်ပြီး အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ပေမယ့် လိုက်နာမှုမရှိလို့ သတိပေးပစ်ခတ်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“နေ့ဘက်မှာ သွားလာနေတဲ့ကားတွေဆိုရင် ကျနော်တို့ဘာမှမလုပ်ဘူး။ သူတို့ကိုလွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်ပေးထားတယ်။ မသင်္ကာတာတွေ့ရင်တော့ တားစစ်တယ်။ ညဘက်သွားလာတဲ့ကားဆိုရင် မိတ်ဆွေလား ရန်သူလား ကျနော်တို့မသိနိုင်ဘူးလေ။ အဲတော့ တားဆီးစစ်ဆေးတဲ့အချိန်မှာ မရပ်ပေးရင်တော့ ပစ်တယ်” လို့ အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
မေလ ၂၉ ရက် ညကလည်း ညဘက်မောင်းနှင်လာတဲ့ ခရီးသည်ကားလေးစီးကို တားဆီးစစ်ဆေးပြီး မနက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။
တနင်္သာရီတိုင်းအတွင်း အဝေးပြေးလမ်းမတွေမှာ ညဘက်ခရီးမသွားဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ်သတိပေးထားပါတယ်။
ထားဝယ်-မြိတ် ကားလမ်းမှာလည်း ညနေ ၆ နာရီ ကနေ မနက် ၆ နာရီအတွင်း ခရီးလုံးဝ မသွားကြဖို့ သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
