ထားဝယ်-ပုလော ရေလမ်းခရီး နဲ့ပတ်သက်ပြီး KNLA က အရေးပေါ်ကြေညာချက်ထုတ်ပြန်
ထားဝယ်-ပုလော ရေလမ်းခရီး နဲ့ပတ်သက်ပြီး KNLA က အရေးပေါ်ကြေညာချက်ထုတ်ပြန်

ထားဝယ်- ပုလော ရေလမ်းခရီးနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄)KNLAအထူးတပ်ဖွဲ့က အရေးပေါ်ကြေညာချက်တစ်ရပ်ကို ဒီနေ့မှာထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာ ထားဝယ်ကနေပုလောကို ရေလမ်းခရီးသွားလာရင် ဖုန်းဆက်သတင်းပို့ပြီးမှ သွားလာဖို့ KNU တပ်မသာ၄ ကသတိပေးစာထုတ်ပြန်ထားတာပါ။
ထားဝယ်-ပုလောကားလမ်းပေါ်မှာရှိတဲ့ သရက်ချောင်းမြို့နယ်က ဝင်းဝရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကစလို့ ကားလမ်းပိတ်နေတာပါ။
အဲဒါကြောင့် ထားဝယ်-မြိတ် ခရီးသည်တွေက ရေလမ်းကိုအသုံးပြုပြီး စက်လှေတွေနဲ့ စပိဘုတ်တွေ သွားလာနေကြတာဖြစ်ပါတယ်။
KNU ဘက်ကထုတ်ပြန်တဲ့စာမှာတော့ ရေလမ်းခရီးသွားလာမှုကို တက်နိုင်သမျှလျှော့ချဖို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုရင် ဖုန်းဆက်သတင်းပို့ဖို့ သတိပေးထားပါတယ်။
“အဓိကကတော့ မှားယွင်းပစ်ခတ်မှုဖြစ်မှာ စိုးရိမ်လို့ပါ။ ခရီးသည်တွေက စပိဘုတ်အငယ်တွေ၊ ဂျွန်စင်တွေကို စီးလုံးငှားပြီးသွားလာကြတာရှိတယ်ပေါ့နော်။ ပြီးတော့ အပြင်က အသက်ကယ်အင်္ကျီဝတ်ထားရတယ်။ စကစဘက်ကလည်း အဲဒီလိုပုံစံနဲ့ပဲ အဲဒီလိုလှေတွေနဲ့ ထားဝယ်-ပုလောလမ်းကိုအသုံပြုပြီး သွားနေတာပါ။ အဲတော့ မှားပစ်တာတွေရှိလာနိုင်လို့ပါ ” လို့ အထူးတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်ပျံလွှားက ပြောပါတယ်။
ထားဝယ်-ပုလော ရေလမ်းသွားလာသူတွေအနေနဲ့ ဗိုလ်ပျံလွှား ၀၉၂၆၆၈၇၃၈၈၇နဲ့ ဗိုလ်မိုးယံ ၀၉၄၅၅၂၈၉၉၇၇ ဖုန်းနံပါတ်တို့ကို ဆက်သွယ်ပြီး သတင်းပို့ဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဖုန်းဆက်သတင်းပို့ရင် နေ့ညမရွေး တခြားအဖွဲ့တွေကိုလည်း အကြောင်းကြားပြီး လိုအပ်တဲ့အချိန် ကူညီဆောင်ရွက်ပေးနိုင်မယ်လို့လည်း ဗိုလ်ပျံလွှားက ဆိုပါတယ်။
အခုလို ဖုန်းဆက်အကြောင်းကြားတာကို ထားဝယ်နဲ့ ပုလောကြားက တိုက်ပွဲတွေပြန်ငြိမ်သွားတဲ့အချိန်ထိ လိုက်နာပေးကြဖို့လည်း KNLA အထူးတပ်ဖွဲ့ ဘက်ကတောင်းဆိုထားပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလလယ်ကစလို့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ထီးထဗျူဟာစခန်းနဲ့ ဟားလီးကွေ့ စခန်းတို့ကိုလည်း တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
သရက်ချောင်းမြို့နယ် တောင်ပိုင်းမှာလည်း အချိန်နှစ်ပတ်နီးပါးကြာတဲ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ပြီးခဲ့တဲ့လဝက်အတွင်း သရက်ချောင်းဒေသခံ အရပ်သား ၄ ဦးအထိသေဆုံးခဲ့ပါတယ်။
ထားဝယ်-ပုလောလမ်းပိုင်းမှာ ကားလမ်းပိတ်နေတာကြောင့် မြိတ်မြို့မှာလည်း ကြက်ဥနဲ့ ကြက်သားအပါအဝင် စားသောက်ကုန်တွေ စျေးတက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
The Tanintharyi Times