စစ်တပ် ကင်းပုန်းကသေနတ်နဲ့ပစ်လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံး

စစ်တပ် ကင်းပုန်းကသေနတ်နဲ့ပစ်လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံး

ပုံစာ - ပုလောမြို့နယ်၊ တော်ဝင်ရွာအဝင်လမ်းတစ်နေရာ။

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ တော်ဝင်ရွာမှာ စစ်ကောင်စီတပ်ကင်းပုန်းက သေနတ်နဲ့ပစ်လို့ အရပ်သားထိခိုက်၊ သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လ ၂၇ ရက်နေ့ ည ၈ နာရီခန့်က အသက်ရှစ်နှစ်အရွယ်မိန်းကလေးငယ်နဲ့ မိခင်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် မဖြူအေး၊ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးတစ်ဦးတို့ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်

အရပ်သားသုံးဦးသေဆုံးခဲ့တဲ့အပြင် သူတို့နဲ့အတူတူလာတဲ့နောက်ထပ်အမျိုးသားနှစ်ဦးရဲ့ခြေထောက်မှာလည်း ကျည်ထိမှန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

သူတို့ဟာ အသုဘအိမ်ကနေ ဆိုင်ကယ်နဲ့အပြန်မှာ ပုလော-မြိတ်ကားလမ်းမကြီးကနေ တော်ဝင်ရွာထဲ ချိုးဝင်တဲ့နေရာမှာ စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး သေနတ်နဲ့ပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ရွာထဲစစ်ကြောင်းဝင်နေတယ်ဆိုပြီး အသုဘအိမ်က လူတွေအကုန်အိမ်ပြန်ပြေးကြတယ်။ အဲဒီမှာ သူတို့လည်းပါတယ်။ ကံဆိုးချင်တော့ စစ်တပ်ကင်းပုန်းနဲ့ တိုးသွားတာဗျာ။” လို့ သက်လတ်ပိုင်းအရွယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့သားအမိနှစ်ဦးစလုံးက တော်ဝင်ရွာခံတွေဖြစ်ပြီး အသက် ၁၈ နှစ်ဝန်းကျင်အရွယ်ယောက်ျားလေးကတော့ ဘုတ်ပြင်းဘက်ကနေ တော်ဝင်ရွာမှာ ရော်ဘာလာခြစ်နေတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကိုတော့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ကတော့ သူတို့အားလုံးကို မီးသင်္ဂြိုလ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေပစ်ခတ်ခံရတဲ့နေ့ ည ၆ နာရီခွဲမှာ ပုလောမြို့အမှတ်(၃)ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူတို့ကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း(၇) ပူးပေါင်းမဟာမိတ်အဖွဲ့တွေက သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့အကြောင်း ပုလော pdf ကထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူးသားအဖအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ကင်းပုန်းဝပ်၊ စစ်ကြောင်းထိုးပြီး လုံခြုံရေးတိုးမြင့်နေတဲ့အချိန်မှာ အသုဘအိမ်ကပြန်လာတဲ့ အရပ်သားတွေသေနတ်နဲ့ပစ်ခံရပြီး ထိခိုက်၊ သေဆုံးခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လ ၂၃ ရက်နေ့ကလည်း ဆင်ထိုးကြီးရွာက KNLA စစ်ဆေးရေးဂိတ်မှာ ၂၅ ရက်သားကလေးနဲ့ ဖခင်ဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

The Tanintharyi Times