စစ်ကောင်စီအုပ်စုကို အိန္ဒိယက အမြောက်ပြောင်းတွေ ရောင်းချပေးနေ

စစ်ကောင်စီအုပ်စုကို အိန္ဒိယက အမြောက်ပြောင်းတွေ ရောင်းချပေးနေ

အိန္ဒိယနိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်ကို ၁၂၂ မမ အမြောက်ပြောင်းတွေ အမြောက်အများ တင်ပို့ ရောင်းချခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

အမေရိကန်၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်ကောင်စီလက်အောက် ကပစ ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရောင်းချခဲ့တာလို့ ဆိုပါတယ်။

ခဲယမ်းမီးကျောက်တွေ ဖောက်ခွဲရေးအတွက် မြန်မာ စစ်တပ်အသုံးပြုနိုင်ဖို့ စနတ်တံတွေကို အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ဆီကနေ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ဦးကျော်ကျော်ထွန်းထံ တင်ပို့ခဲ့တဲ့ အကြောင်း Justice For Myanmar က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အဆိုပါ လက်နက်ပွဲစားဟာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု မခံရသေးသူဖြစ်ပါတယ်။

Yantra India Limited ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ဦးစီးဌာန လက်အောက်မှာ လုပ်ဆောင်နေတဲ့ တရားဝင် အများပိုင်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Bharat Electronics Limited ရဲ့ အဝေးထိန်းစစ်လက်နက်စခန်း တစ်ခု တင်ပို့တာအပါအဝင် တခြားသိထားပြီးဖြစ်တဲ့ အိန္ဒိယ ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို စစ်လက်နက်တွေနဲ့ စစ်လက်နက်ပစ္စည်းအစိတ်အပိုင်းတွေ အများကြီး တင်ပို့တာတွေရှိခဲ့ပြီး အခုအခါမှာ Yantraရဲ့ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့တာကို တွေ့ရှိခဲ့တာလို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်တာ၊ ကျေးရွာ တွေကို အမြောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အရပ်ဘက်-စစ်ဘက်မခွဲခြားပဲလေကြောင်း တိုက်ခိုက် တာတွေ ကျူးလွန်ခဲ့ပြီး၊ ပြည်သူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ၁.၂ သန်းကျော် အိုးအိမ်ပစ်ကာ ထွက်ပြေးစေခဲ့တဲ့ စစ်တပ်ကို ဟောင်ဝှစ်ဇာအမြောက်တွေအပါအဝင် စစ်လက်နက်တွေ တင်ပို့မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်က အရပ်သားပြည်သူ့နေရာတွေကို ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ မကြာသေးခင် ကပဲ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဥပမာတစ်ခုအနေနဲ့ မနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဆိုင်း Namsai Hkahku ဆင်ခြေဖုံးရပ်ကွက်တွေဆီ ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ စစ်တပ်က ပစ်ခတ်ခဲ့သလို အဆိုပါလ ၁၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီမိုကရေစီနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံအနေနဲ့ စစ်ရာဇဝတ်ကောင်တွေအပါအဝင် သူတို့ရဲ့ တရားမဝင် စစ်အုပ်စုနဲ့ အတူမရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆို ပါတယ်။”လို့ ပြောပါတယ်။

Yantra India Ltd က အပြည့်အဝနိုင်ငံပိုင်ကုမ္ပဏီ ဖြစ်တဲ့အပြင် အိန္ဒိယလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ တွေက အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ ပေးနေတယ်ဆိုတဲ့ အချက်က နိုင်ငံတကာဥပဒေတွေနဲ့ Wassenaar သဘောတူညီချက်ပါ လိုက်နာရမယ့် စံနှုန်းတွေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လျစ်လျူရှုမှုကို ပြသနေတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဥပဒေအရ၊ နိုင်ငံတကာဥပဒေသတ်မှတ်ချက်အရ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ မြန်မာစစ်တပ်အပေါ် စစ်လက်နက်ပိတ်ပင်ရေးတစ်ရပ်ကို ချက်ချင်းပြဌာန်းဖို့၊ လေ့ကျင့်ရေးသင်တန်းတွေနဲ့ တခြားသော စစ်လက်နက်အကူအညီတွေကို ချက်ချင်းရပ်တန့်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

ဒါ့အပြင် Quadrilateral Security Dialogue (the Quad) လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးဖက် အစီအစဉ်ရဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်တို့ အနေနဲ့လည်း အိန္ဒိယကနေ မြန်မာစစ်တပ်ကို စစ်လက်နက်တွေစီးဆင်းနေတာကို ရပ်တန့်ပေးဖို့ တိုက်တွန်း တောင်းဆိုထားသလို စစ်အုပ်စုရဲ့ တခြားထောက်တိုင်တွေနဲ့အတူ ဦးကျော်ကျော်ထွန်း၊ သူရဲ့ စီးပွားရေးလုပ်ငန်းနဲ့ မိတ်ဖက်တွေ အပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

The Tanintharyi Times