နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေ့ ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်
နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေ့ ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်

မြို့အဝင်ဂိတ်ကိုစစ်ကောင်စီတပ်ပိတ်ချပြီး အင်အားထပ်တိုးထား
ထားဝယ်ဒေသရဲ့အထင်ကရဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်တဲ့ ဒီကနေ့ မနက်ပိုင်းမှာ မြို့အဝင်ဂိတ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်နေရာမှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မနက် ၅ နာရီကနေ ၆ နာရီခွဲလောက်အချိန်အတွင်းမှာပဲ မြို့အဝင်က ပေါက်တိုင်းတံတားဂိတ်မှာ ပေါက်ကွဲသံတွေ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာပါ။
“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ကျမကြားတာတော့ ပေါက်ကွဲသံအကြီးနှစ်ခါကြားတယ်။ ပြီးမှ လက်နက်ကြီးပစ်တာ” လို့မြို့ခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုနဲ့ပစ်ခတ်မှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြို့ခံတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လာရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ခန့်မှန်းပြောဆိုပါတယ်။
ပစ်ခတ်မှုနဲ့ပေါက်ကွဲမှုတွေကြောင့် ပေါက်တိုင်းတံတားအနီး လမ်းမသစ်ခေါ် ကျန်းမာရေးလမ်းမှာမနက်ပိုင်းလမ်းလျှောက်နေသူတွေလည်း မြို့ထဲပြန်ဝင်ပြေးလာကြတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်း ၉ နာရီအထိ စစ်ကောင်စီက ပေါက်တိုင်းဂိတ်ကို ပိတ်ထားလိုက်ပြီး အင်အားလည်းထပ်တိုးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
မြို့ပေါ်က လမ်းဆုံတွေမှာ စစ်ကောင်စီတပ်သားတချို့ရှိနေပြီး ကားနဲ့ကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကိုလည်း ပစ်ခတ်သံတွေမငြိမ်သေးခင် မနက် ၆ နာရီလောက်မှာပဲ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းကထွက်ခွာပြီးမြို့ပေါ်မှာ လှည့်လည်အပူဇော်ခံနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
ပေါက်တိုင်းဂိတ်ဟာ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကိုသွားရင် ဖြတ်သန်းရတဲ့ဂိတ်ဖြစ်ပြီး စစ်ကောင်စီတပ်က ကတုတ်ကျင်းတွေ ဘန်ကာတွေနဲ့အခိုင်အမာတပ်စွဲထားပါတယ်။
The Tanintharyi Times