မြန်မာနိုင်ငံသား အယောက်နှစ်ဆယ်ကျော် ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခံရ
မြန်မာနိုင်ငံသား အယောက်နှစ်ဆယ်ကျော် ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခံရ
တရားမဝင်ရွှေ့ပြောင်းသွားလာတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်ကို ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်မှာဖမ်းဆီးရမိတယ်လို့ အမှတ်(၂၅) ထိုင်းခြေလျင်တပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လ ၃၀ ရက် ည၁၀ နာရီခွဲလောက်က အဝေးပြေးလမ်းက စစ်ဆေးရေးဂိတ်မှာ ပစ်ကပ်ကားနှစ်စီးကို စစ်ဆေးချိန် ကားနောက်ခန်းမှာလဲလျောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေကတော့ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၄ ဦးဖြစ်တယ်လို့သိရပါတယ်။
သူတို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေဟာ ပရာကျွတ်ခီရီခမ်ခရိုင်ကနေ ဆောင်ခလာခရိုင်၊ ဟက်ရိုင်မြို့ကို သွာရောက်အလုပ်ကိုင်မယ့်သူတွေဖြစ်ပြီး တစ်ယောက်ကို ဘတ်ငွေ ၂၀၀၀ ပေးဆောင်ပြီးလိုက်ပါလာတာဖြစ်တယ်လို့သိရပါတယ်။
လိုက်ပါပို့ဆောင်ပေးတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ တရားမဝင်ရွှေ့ပြောင်းသွားလာတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာရဲစခန်းကိုပို့ဆောင်ပြီး ဥပဒေအရအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ပြီးခဲ့တဲ့လ ၂၃ ရက်ကလည်း ပရာကျွတ်ခီရီခမ်ခရိုင်ကနေ ဟတ်ယိုင်မြို့ကိုသွားမဲ့ မြန်မာနိုင်ငံသား ၇၇ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
The Tanintharyi Times
