သစ်သားခွေးခြေပုလေးတွေ

သစ်သားခွေးခြေပုလေးတွေ

နေ့တိုင်းဟာ အရိပ်တွေ ရှည်မျှောမျှောဖြစ်ပြီးသွားရင် မှောင်သွားတာပါပဲ။ နေ့တွေ၊ ညတွေ ဘာမှမထူးဆန်းတော့ပါဘူး။ အရာရာဟာ တစ်ပတ်လည် နေတယ်လေ။

လူငယ်တွေရဲ့ဘဝဟာ ညနေခင်းမှာစတယ် ထင်ပါရဲ့။ ဒီချာတိတ်တွေဝိုင်းကို ကျနော်စောင့်ကြည့်နေတာ အချိန်အတော်ကြာပြီ။ ညနေတိုင်း လန်းဆန်းတက်ကြွနေတယ်။ ဒါပေမယ့် ဒီကောင်တွေက ကျုပ်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်စီမှာပြီး ရေနွေးသုံးလေးအိုး မျှဉ်းသောက်တာ။

တခြားဝိုင်းတွေကို ကြည့်လိုက်ရင် လူကြီး၊လူငယ်အကုန် လက်ဖဝါးအရွယ်မှန်ပြင်လေးတွေ ကိုယ်စီပွတ်နေတာရယ်။ ဒီကောင်တွေကတော့ မဟုတ်ဘူး။ စကားပြောဖို့၊ တဝါးဝါး၊ တဟားဟားလုပ်ဖို့ သက်သက်ကို ကျုပ်ဆိုင်လာထိုင်သလားမှတ်ရတယ်။

အစကတော့ ဒီငနာတွေအုပ်စု​ကို ကြည့်မရပါဘူးဗျာ။ နောက်တော့ အလာနောက်ကျရင်ကို မျှော်တတ်နေပြီ။

မောင်နှမတွေ ပေါင်းပြီးဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ကျနော်က ညနေပိုင်းဆို တနေရာမှာထိုင်တယ်။ လူတွေကိုကြည့်ပြီး တွေးတောတယ်၊ ခံစားတယ်ပေါ့။ ကျုပ်တို့မောင်နှမ လေးယောက်စလုံးက လူပျိုကြီး၊ အပျိုကြီးတွေ။ အားလုံး အသက် ၅၀ ကျော်ပြီ။ နှေးကွေး၊ လေးလံနေပါပြီ။

ဟိုကောင်တွေ အကြောင်းဆက်ရရင် အကုန်လုံး အသက်၂၅နှစ် ပတ်ချာလည်လေးတွေပဲ။ လေးငါးခြောက်ယောက်၊ ခုနစ်ယောက်ပေါ့။ တက္ကသိုလ်ကျောင်းသားတွေ ထင်ပါရဲ့။ ပလက်ဖောင်းနဲ့ကပ်နေတဲ့ အပြင်ကျကျ ဝိုင်းလေးမှာညနေတိုင်း ထိုင်တယ်။

အဲ့ဒီဝိုင်းမှာ ခင်းထားတာက ခေတ်ဟောင်း လေးထောင့်စားပွဲတခုံနဲ့ သစ်သားခွေးခြေ အပုလေးတွေ။ မြင်မြင်သမျှက အကုန် အဟောင်းထည်ပဲ။ ခပ်ညစ်ညစ်ပဲပေါ့။ စားပွဲပေါ်မှာက နှုတ်သီးကောက် ဒန်အကြမ်းအိုးရယ်၊ ရေစိမ်ပြီးမှောက်ထားတဲ့ ကြွေခွက်အဖြူ လေးလုံးရယ်၊ ဒီလောက်ပဲ။

ဒီဘက်ခေတ်မှာ ကျုပ်ဆိုင်ဟာ ဘေထုပ်ပဲ။ ခေတ်တစ်ခုကိုဖြတ်သန်းပြီးတိုင်း ကျုပ်တို့ဆိုင်လေး ပင်ပန်းနွမ်းလျှတယ်။ ဒီဆိုင်လေးဟာ ၈၀ခုနစ် ဝန်းကျင်က နှစ်ချို့ ဖိုက်အိုဝမ်းဂျင်းဘောင်းဘီတစ်ထည်လိုပါပဲ။ ဒါကို ၉၅ ခုနစ်တဝိုက်မှ လူဖြစ်တဲ့ချာတိတ်တွေ ဘာကြောင့်စွဲလမ်းသလဲပေါ့။

ကောင်တာထိုင်တဲ့ ဆံပင်ရှည်ရှည်ကိုယ်လုံးကိုယ်ပေါက်လှလှ မိန်းကလေးရယ်လို့ကလည်း မရှိ။ အဖိုးကြီး၊ အဖွားကြီးတွေ ရောင်းတဲ့ဆိုင်။ သူတို့ လက်တစ်ဝါးစာ ဖန်ပြားတွေအတွက်လိုအပ်တဲ့ ဝိုင်ဖိုင်ဆိုတာလည်း ကျုပ်ဆိုင်မှာ ဝေလာဝေး။ ဒီကောင်တွေ ဘာကိုစွဲလမ်းသလဲပေါ့။

အဖြေက လက်ဖက်ရည်ဆိုင်ယဥ်ကျေးမှုကို ​စွဲလမ်း၊ ခံစားတာ။ ကျဆိမ့်တစ်ခွက်လောက်မှာပြီး အကြမ်းအိုးတွေ မျှဉ်းသောက်တာမျိုးက လက်ဖက်ရည်ဆိုင်ယဥ်ကျေးမှုရဲ့ ပြယုဒ်ပဲမဟုတ်လား။

စီးကရက်​လေးဖွာပြီး သီချင်းအကြောင်း၊ ကဗျာအကြောင်း၊ စာအကြောင်း၊ နည်းပညာအကြောင်း၊ စာအုပ်အစိမ်းကြီးအကြောင်းနဲ့ မိန်းမလှတွေ ရက်စက်တတ်တဲ့အကြောင်း ငြင်းကြ၊ ခုန်ကြ။ ဒီကောင်တွေဟာ ခေတ်သစ်ထဲကလူဟောင်းတွေ။

ဒီခေတ်မှာ ဖုန်းကိုဘေးချပြီး စကားပြောတတ်တဲ့လူငယ်ဝိုင်းတွေနဲ့ စာအုပ်ပိုက်ပြီးဆိုင်လာတဲ့လူငယ်တွေ ဘယ်လောက်များများ၊ စားစားရှိနိုင်မှာလဲ။ ခေတ်ဟောင်းလက်ဖက်ရည်ဆိုင်ရဲ့ရသကို တန်ဖိုးထား ခံစားနားလည်တဲ့လူငယ် ဘယ်လောက်များများရှိနိုင်မှာတဲ့လဲ။

ကျနော့်ဆိုင်မှာက စိုင်းထီးဆိုင်သီချင်းပဲဖွင့်တယ်။ ဆိုင်ရဲ့ စင်ဂနေချာပဲ။ အဲဒီဗီစီဒီအခွေက စက်ထဲထည့်ထားတာကြာလှပေါ့။ တခွေလုံးဆုံးသွားရင် အစကပြန်လာမယ်။

“ရာဇဝင်ဟောင်းကို မြေမြုပ်ပစ်လိုက်မယ်……ရာဇဝင်ဟောင်းနဲ့မှိုင်တွေခြင်းရဲ့ ဇာတ်သိမ်းခန်းပဲမောင့်တပတ်နွမ်း….မောင့်တပတ်နွမ်း….ရေး….ရေ”

စိုင်းထီးဆိုင်က ကြပ်ခိုးစွဲနေတဲ့ စပီကာဇကာပေါက်ထဲကနေ အော်နေလိမ့်မယ်။ ညနေတိုင်းပါပဲ။

ဒီကောင်တွေကလည်း ခုံကိုလက်ဆစ်နဲ့ခေါက်ပြီးလိုက်ဆိုတဲ့ကောင်ကစလို့ ခပ်ဝေးဝေးကိုတွေတွေကြီးငေးနေတဲ့ကောင်အလယ် စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ပြီး ဟန်ပါပါမှုတ်ထုတ်လိုက်တဲ့ကောင်အဆုံး အဲဒီဂီတအပေါ်မှာလွင့်မျောတယ်၊ ခံစားတယ်။ဒီကောင်တွေဟာ ခေတ်ဟောင်းဝါဒီတွေ။

အဲဒီနေ့ ညနေကပေါ့။ ဒီကောင်တွေဝိုင်းမှာ အကုန် မှိုင်နေတယ်။ ကျုပ်လည်းမှိုင်နေတယ်။ တနိုင်ငံလုံးလည်း မမှိုင်စရာ ဘာအကြောင်းရှိမှာလဲ။ ဒီနေ့မနက်မှာ ၈၈ အရေးခင်းကြီး ၂၁ ကိုတပတ်လည်တယ်လေ။

ဒီကောင်တွေ တိုးတိုး၊ တိုးတိုးနဲ့စကားပြောနေကြတယ်။ပြီးတော့ ပြန်ငြိမ်ကျသွားတယ်။ ငှဲ့ထားတဲ့ အကြမ်းခွက်ထဲက အဖန်ရည်တွေ ခွက်အပြည့်အေးစက်။ ညနက်လာတော့မှ ဒီကောင်တွေအုပ်စု ထပြန်သွားတယ်။

ဒီလိုနဲ့ အရိပ်ရှည်ရှည် မနက်ပိုင်းတစ်ခု။ ကြွေးကြော်သံတွေ ခပ်ဝေးဝေးက ကြားရတယ်။ လမ်းမကြီးပေါ်မှာ လူတွေ ဝရုန်းသုန်းကား။ ဘေးဘီဝဲယာကလည်း လက်ခုပ်တွေတီးနေကြပေါ့။

ရောင်စုံလူငယ်တွေ အားအင်အပြည့်နဲ့ ချီတက်လာကြတယ်။ နှင်းဆီပန်းအနီတွေ၊ ကျစ်နေအောင်ဆုပ်ထားတဲ့လက်သီးတွေ။ အာခေါင်ခြစ်အော်နေတဲ့အသံတွေက ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းသွားတယ်။ ဆိုင်ရှေ့က ခိုတွေ ထပျံသွားခဲ့ပြီ။

ဘုရားရေ ဒီကောင်တွေ။ အပြင်ဝိုင်းက ကောင်တွေ အရှေ့ဆုံးမှာ။ သမဂ္ဂအလံအောက်မှာ နဖူးစည်းအနီတွေနဲ့။ ​မျက်လုံးတွေ၊ ကြည့်ပါဦး၊ သူတို့ရဲ့မျက်လုံးတွေကို။ ခြေလှမ်းကျဲကြီးတွေကို ကြည့်ပါဦးဟေ့။ ကျနော်ဆိုင်ထဲမှာ အော်နေခဲ့တယ်။

အရာရာတပတ်လည်ပြီးရင် အစီစဥ်တကျ ပျက်စီးပါတော့တယ်။ ခေတ်က ၁၉၈၀ နှောင်းပိုင်းကာလတွေလို တထေရာတည်းဖြစ်သွားခဲ့ပြီ။ ဘာကွာလို့လဲ။ ကျုပ်ခံစားရတဲ့ပတ်ဝန်းကျင်က ဘာမှမကွာတော့ပါဘူး။

လမ်းမတွေပေါ်လူတွေ အကုန်ထွက်လာတယ်။ ပြီးတော့ အကုန်ပျောက်သွားတယ်။ ကျုပ်တို့ဆိုင်လေးလည်း ပိတ်လိုက်၊ ဖွင့်လိုက်။ လူတွေလည်း ဝင်လိုက်၊ ထွက်လိုက်။

ပလက်ဖောင်းနားက ခွေးခြေပုပုဝိုင်းကလေးကတော့ တိတ်ဆိတ်သွားခဲ့ပြီ။ ကျနော့်ကောင်တွေ ဘယ်ရောက်သွားလဲ။ ဘာဖြစ်ကုန်ကြတာလဲ။

ဟိုတလောက တစ်ယောက်ပေါ်လာတယ်။ ဆံပင်ဘုတ်သိုက် မျက်နှာပေါ်အမွှေးအမျှင်တွေနဲ့ ငူငူငိုင်ငိုင်ထိုင်နေတာရယ်။ ကျုပ်မနေနိုင်လို့ မေးလိုက်တယ်။ ဟေ့ကောင် အဆင်ပြေရဲ့လား။ မင်းတို့အုပ်စု ဘယ်လိုတွေဖြစ်ကုန်တာလဲကွာ ပေါ့။

သူကျနော့်ကို မော့ကြည့်တယ်။ လိုတိုရှင်း ပြန်ဖြေပြီး ထထွက်သွားတယ်။ သူ့အဖြေကို ကျနော် နှစ်သုံးဆယ်ကျော်လောက် ကြိုသိနှင့်နေခဲ့တာပါ။