ရေးမြို့အခြေစိုက် ခမရ (၃၄၃) တပ်ရင်းကို ၄၀ မမ လောင်ချာနဲ့ YGF တပ်ဖွဲ့ပစ်ခတ်တိုက်ခိုက်
ရေးမြို့အခြေစိုက် ခမရ (၃၄၃) တပ်ရင်းကို ၄၀ မမ လောင်ချာနဲ့ YGF တပ်ဖွဲ့ပစ်ခတ်တိုက်ခိုက်
ရေးမြို့၊ အာယုတောင်ကျေးရွာအနီးမှာရှိတဲ့ ခမရ (၃၄၃) တပ်ရင်းကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ၄၀ မမ လောင်ချာနဲ့ လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့တဲ့ အဆိုပါပစ်ခတ်မှုကို ဗီဒီယိုနဲ့တစ်ကွ YGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရင်းဘက်က ထိခိုက်၊ ကျဆုံးမှု အတိအကျကိုတော့ အတည်မပြုနိုင်သေးတာနဲ့ YGF တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့တာကို ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ခမရ (၄၃၄) တပ်ရင်းကို သွားရောက်ပစ်ခတ်တာနဲ့ပတ်သက်ပြီး YGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ်က ” တစ်ခြားpdf တစ်ဖွဲ့ ပိတ်မိနေလို့ ကျနော်တို့အနေနဲ့ တပ်ရင်းကို ၄၀မမ နဲ့သွားပစ်တာ။ ဘာလို့ဆို သူတို့ကိုကူတဲ့သဘောပါ။
အဲ့ဘက်မှာ ဒီကောင်တွေက အင်အားသုံးထားတာ တပ်ရင်းမှာ လက်နက်ကြီးထုဖို့ လူတောင်မရှိတော့ဘူး။ ကျနော်တို့ သွားထုတော့ ဟိုမှာ သွားပိတ်တဲ့ ကောင်တွေ အကုန်ပြန်လာတယ်။
ကျနော်တို့ထုတာက ၄နာရီ၇မိနစ် ဒီကောင်တွေက ည ၉နာရီလောက်မှ ပြန်ထုတယ်။ ပုံမှန်ဆို ကျနော်တို့ထုပီးတာနဲ့ ၃မိနစ်ဆို ဒီကောင်တွေပြန်ထုပီ ” လို့ ပြောပြပါတယ်။
ပိတ်မိနေတဲ့ အဖွဲ့နဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းမ်ကဆက်သွယ်မေးမြန်းရာမှာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) အဖွဲ့ဖြစ်တယ်လို့ YGF အဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ်က အတည်ပြုပြောဆိုပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ဟာ ရေးမြို့အတွင်းမှာ ရှိတဲ့ စစ်ကောင်စီထောက်တိုင်မှန်သမျှကို အလျဥ်းသင့်သလို ပစ်ခတ်ရှင်းလင်းနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
The Tanintharyi Times
