ရေးမြို့နယ်မှာ မွန်လူငယ်နေ့အခမ်းအနားကျင်းပဖို့ ရှိနေတဲ့အတွက် ဒေသတဝိုက်က လက်နက်ကိုင်တွေ မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ် မေတ္တာရပ်ခံ

ရေးမြို့နယ်မှာ မွန်လူငယ်နေ့အခမ်းအနားကျင်းပဖို့ ရှိနေတဲ့အတွက် ဒေသတဝိုက်က လက်နက်ကိုင်တွေ မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ် မေတ္တာရပ်ခံ

၁၁ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို စစ်ရေးလှုပ်ရှားမှုများတဲ့ ရေးမြို့နယ်မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ဒေသတဝိုက်က လက်နက်ကိုင်တွေ မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ်က စာထုတ်ပြီး မေတ္တာရပ်ခံထားပါတယ်။

အဆိုပါအခမ်းအနားကို ဒီဇင်ဘာလ ၂၈ရက်နေ့မှာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးမြို့နယ် တောင်ပိုင်း၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပမယ်လို့သိရပါတယ်။

“မွန်လူငယ်တွေဟာ နိုင်ငံရေး မှာ နေရာပေးခြင်းမခံရတဲ့အတွက် မွန်လူငယ်များနေ့အခမ်းအနား ကျင်းပတာကို လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် ဒီလိုကာလမှာ စစ်ကောင်စီကိုတိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်တွေကို ပစ်ခတ်မှုမလုပ်ကြဖို့ မေတ္တာရပ်ခံထားတဲ့အတွက် မွန်လူငယ်များနေ့အခမ်းအနားမှာ မွန်တော်လှန်ရေးနဲ့ မွန်နိုင်ငံရေးအတွက် အကျိုးရှိနိုင်မယ့် အဖြေတခုခုတော့ ထွက်သင့်ပါတယ်” လို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့မွန်လူငယ်တစ်ဦးက ပြောပါတယ်။

မွန်လူငယ်ဆုံရပ်ရဲ့ မေတ္တာရပ်ခံတဲ့စာထဲမှာတော့ မွန်လူငယ်နေ့ အခမ်းအနားကျင်းပရာ နေရာကိုရောက်ဖို့ မွန်လူငယ်အဖွဲ့အသီးသီးက ဝယ်ဇင်းအဝင်လမ်း၊ ရေးမြို့ပေါ်၊ ရေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းလမ်းမတွေကို အဓိက ဖြတ်သန်းသွားလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် လူမှုရေးကိုထောက်ရှုပြီး မွန်လူငယ်တွေရဲ့လုံခြုံရေးကို ရှေးရှုကာ အချင်းချင်း ပစ်ခတ်မှုမပြုလုပ်ကြဖို့ မေတ္တာရပ်ခံတဲ့အကြောင်း ရေးသားထားပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ရေးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်ပစ်ခတ်မှု မကြာခဏဖြစ်ပွားတာနဲ့ စစ်ကောင်စီရုံးတွေနဲ့ရဲစခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။