အိမ်ပြန်ရတော့မယ်ဆိုတဲ့အခါ

အိမ်ပြန်ရတော့မယ်ဆိုတဲ့အခါ

အဲဒီညက အခန်းထဲမှာ တီးတိုးတီးတိုးလုပ်နေကြတယ်။ ညအိပ်ချိန်ဆိုပေမဲ့ အိပ်မပျော်သေးသူတွေဟာ လှုပ်လှုပ်ရွရွဖြစ်နေကြပါတယ်။ အိပ်ပျော်နေသူတချို့လည်း နိုးလာကြတယ်။ ပန်းချီဘုတ်မှာ တာဝန်ကျတဲ့ အကျဉ်းသားကို လာခေါ်ထုတ်သွားတာကြောင့်ပါပဲ။

ဒါဟာ အိမ်ပြန်ချိန်ကို ရောက်တော့မယ့်လက္ခဏာတစ်ခုရယ်လို့ သူတို့ တွေးထင်ခံစားမိနေကြပါတယ်။

ပန်းချီဘုတ်ဆိုတာက ထောင်ရဲ့ နံရံဆေးသုတ်တာတို့၊ စာလုံးရေးတာတို့၊ လိုအပ်ရင် ပုံတချို့ကို ဆွဲပေးရတာတို့ လုပ်ရတဲ့အလုပ်ပါပဲ။ ထောင်မှာ အခမ်းအနားတွေရှိတဲ့အခါဆိုရင်လည်း အခမ်းအနားရဲ့ နောက်ခံစာလုံးတွေကို ရေးပေးရ၊ ကပ်ပေးရပါတယ်။ ဥပမာ ‘ကျန်းမာရေးအသိပညာဟောပြောပွဲ’ ဆိုတာမျိုးပါပဲ။

အခမ်းအနားနာမည်တွေ၊ နေ့စွဲတွေ၊ နေရာတွေ စတဲ့ စာလုံးတွေကို ကွန်ပျူတာစာစီ၊ တစ်လုံးချင်းစီကို အရွယ်အစားကြီးကြီးနဲ့ ပရင့်ထုတ်၊ ပြီးတဲ့အခါ စာလုံးတွေအလိုက် ကတ်ကြေးနဲ့ ညှပ်၊ ပြီးရင် သင်ပုန်းမှာ ကော်နဲ့ကပ် စတဲ့အလုပ်တွေကို နှစ်ကြီးအကျဉ်းသားတစ်ယောက်ကို တာဝန်ပေးထားတာပါ။ အဲဒီလူက ပုံဆွဲတာအနည်းအကျဉ်း တတ်တာကြောင့်ပါပဲ။

အခုလိုမျိုး ညမိုးချုပ်ချိန်မှာ ပန်းချီသမားကို လာခေါ်ထုတ်ပြီဆိုရင် မနက်ဖြန်မှာ အခမ်းအနားတစ်ခုခုရှိနေလို့ပဲဆိုတာကို အကျဉ်းသားတွေက သဘောပေါက်ပြီးသားဖြစ်ကြပါတယ်။ ပြီးတော့ သာမန်အခမ်းအနားမျိုးမဟုတ်ဘူး။ သာမန် ဟောပြောပွဲတို့၊ လှူဒါန်းပွဲတို့ စတဲ့အခမ်းအနားတွေအတွက် စာလုံးတွေ ဖြတ်ညှပ်ကပ်လုပ်တာမှာ ညနေစောင်းလောက်ကတည်းက အပြီးအစီး ရေးလေ့ရှိပါတယ်။ ဒါကို တခြားအကျဉ်းသားတွေကလည်း ဖြတ်သွားဖြတ်လာလုပ်ရင်း မြင်တွေ့နေကြတာမို့ မနက်ဖြန် ဘာပွဲရှိတယ်ဆိုတာကို သိနှင့်နေကြပါတယ်။

အခုလို ညနက်သန်းခေါင်မှ လာခေါ်တာမျိုးက တခြားအကျဉ်းသားတွေကို မသိစေလိုတာကြောင့် တိတ်တဆိတ်လုပ်တာဖြစ်ပါတယ်။ အကျဉ်းသားတွေရဲ့ အတွေ့အကြုံအရ ဒါမျိုးဟာ လွတ်ငြိမ်းအခမ်းအနားကလွဲရင် တခြားမဖြစ်နိုင်ပါဘူး။ အကျဉ်းသားတွေဆိုတာကလည်း လွတ်ငြိမ်းသံကြားတိုင်း ရင်တခုန်ခုန် ဖြစ်နေတတ်ကြပါတယ်။

သန်းခေါင်လောက်မှာ ပန်းချီသမား ပြန်ရောက်လာပါတယ်။ သံတိုင်းတံခါးကို သော့ခတ်ပိတ်ပြီး ဝန်ထမ်းတွေပြန်ထွက်သွားတဲ့အခါမှာတော့ အကျဉ်းသားတွေဟာ အဲဒီလူကို တိုးတိုးကပ်ပြီး မေးကြပါတော့တယ်။ ဟုတ်တယ်၊ မနက်ဖြန် လွတ်ငြိမ်းရှိတယ်တဲ့။ ဒါပေမဲ့ ဘယ်သူတွေကို လွှတ်မယ်၊ ဘယ်နှစ်ယောက်ကို လွှတ်မယ်ဆိုတာကိုတော့ မသိရပါဘူး။ အဲဒီစာရင်းတွေကိုကျတော့ ထောင်ပိုင်တွေ၊ ထောင်မှူးတွေပဲ သေချာသိကြရပါတယ်။ အကျရုံးမှာ အလုပ်လုပ်တဲ့ အကျဉ်းသားတချို့လည်း သိကြရပါတယ်။

အကျရုံးဆိုတာက အကျဉ်းသားတွေရဲ့ စာရင်းပြုစုမှတ်တမ်းတင်တာတွေလုပ်တဲ့ဌာနပါပဲ။ အဲဒီဌာနမှာ အကျဉ်းသားတချို့ကို ခေါ်ပြီး ခိုင်းတတ်ပါတယ်။ ခိုင်းတယ်ဆိုပေမဲ့ အဲဒီနေရာတွေမှာ လုပ်ခွင့်ရဖို့ ထောင်ပိုင်၊ ထောင်မှူးတွေကို ပိုက်ဆံပေးကြရတာပါ။

အကျရုံးမှာလုပ်ရတဲ့အကျဉ်းသားဟာ ထောင်ထဲမှာ အကောင်တစ်ကောင်ဖြစ်တာကြောင့် အဲဒီလိုလုပ်ရဖို့ တချို့က မက်မောကြပါတယ်။

မနက်ဖြန်မှာ လွတ်ငြိမ်းရှိတယ်လို့ ကြားလိုက်ရတဲ့အခါ သူ အိပ်ပျော်ဖို့ ခက်ရပြန်ပါတယ်။ တခြားသူတွေလည်း ဒီလိုပါပဲ။ ကိုယ်ပါမလား၊ မပါဘူးလားဆိုတာမျိုး တွေးမိနေကြပြီး တစ်ဆက်တည်းမှာပဲ အိမ်ကို လွမ်းတဲ့စိတ်တွေက ပြင်းပြင်းပြပြ ထိုးဆွနေတတ်တာကြောင့်ပါပဲ။

သူ ထောင်ထဲကိုရောက်တာ ၁၉ လ ရှိနေပါပြီ။ သူ့ပြစ်ဒဏ်က နှစ်နှစ်(၂၄ လ)ပဲမို့ လွတ်ဖို့ နီးနေပါပြီ။ အကျဉ်းသားတွေဟာ ယေဘုယျအနေနဲ့ တစ်နှစ်ကို လျှော့ရက် သုံးလလောက် ရကြပါတယ်။ ဒါကြောင့် ထောင်နှစ်နှစ်ကျတဲ့ တချို့ ၅၀၅ သမားတွေဟာ ၁၈ လကျော်ကျော်လောက် နေပြီးသွားလို့ လွတ်သွားကြပါတယ်။ လျှော့ရက်ပေးတဲ့ ပုံစံက အချုပ်သားအဖြစ်နဲ့ အမှုရင်ဆိုင်နေချိန်တွေအတွက်တော့ အကျုံးမဝင်ပါဘူး။ ပြစ်ဒဏ်ချမှတ်ပြီးမှပဲ စတင်ရေတွက်ပါတယ်။ ဒါကြောင့် ချုပ်ရက်တွေများတဲ့အခါ ထောင်လျှော့ရက် နည်းသွားတတ်ပါတယ်။ အဲဒါကြောင့်မို့ပဲ သူဟာ ၁၉ လရှိနေပေမဲ့ မလွတ်သေးတာပါ။ ဘာပဲဖြစ်ဖြစ် နောက်တစ်လလောက်ဆို လွတ်တော့မှာပါပဲ။

ဒါကြောင့်လည်း မနက်ဖြန်လာမယ့် လွတ်ငြိမ်းအတွက် သူ့ရင်ထဲမှာ သိသိသာသာတော့ ဗလောင်ဆူမနေတော့ပါဘူး။ သူ ထောင်ထဲကို ရောက်ပြီးမှ လွတ်ငြိမ်းတွေ တစ်ကြိမ်ပြီး တစ်ကြိမ် သူ့ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပါတယ်။ အစောပိုင်းကာလတွေထဲမှာတော့ လွတ်ငြိမ်းတွေကို အမျှော်လင့်ကြီး မျှော်၊ လွတ်ချင်တဲ့စိတ်တွေ တဖွားဖွားဖြစ် စတာတွေ ရှိခဲ့ပေမဲ့ တစ်ကြိမ်မှ သူ့နာမည်ကို လာမခေါ်ခဲ့ကြတာကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ သူဟာလည်း နေသားကျ၊ အချိန်တွေလည်း ရလာခဲ့ပါပြီ။

လွတ်ဖို့ တစ်လလောက်ပဲ လိုတော့တာမို့ အရင်အကြိမ်တွေတုန်းကလို လွတ်ငြိမ်းစာရင်းမှာ သူ ပါမှ ပါပါ့မလားဆိုတဲ့ အတွေးနဲ့ ဖိစီးနေတာမျိုး အခုသူ့မှာ မရှိတော့ပါဘူး။ လွှတ်ပေးတော့လည်း လွတ်ရတာပေါ့။ မလွှတ်ပေးတော့လည်း အချိန်စေ့တဲ့အထိ နေရုံပေါ့။ ဘာမှမကြာတော့ဘူးမဟုတ်လား။

မနက်မိုးလင်းပြီးဆိုရင်ပဲ ထောင်ဝန်ထမ်းတွေဟာ အဆောင်ဝင်းထဲကို ရောက်လာကြပါတော့တယ်။ လွတ်တဲ့သူတွေရဲ့ နာမည်တွေကို အော်ခေါ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့နာမည်ကို ကျယ်ကျယ်လောင်လောင်ကြီးကို ကြားရပါတယ်။ ဒီအခိုက်အတံ့ဟာ တဒင်္ဂခဏတာလေး ဖြစ်ပေမဲ့ ခံစားရမှုကတော့ တကယ့်ကို ထွေပြားရှည်လျားပြီး ကြီးလည်း ကြီးမားနေပါတယ်။ ဘယ်အချိန်မှာပဲ ပြန်တွေးကြည့်ကြည့် တသိမ့်သိမ့်ဖြစ်နေစေတာပါပဲ။ လွတ်လပ်သူတစ်ယောက်အဖြစ်နဲ့ လောကထဲကို ပြန်သွားဖို့ ခွင့်ပြုမိန့်ရလိုက်တာမဟုတ်လား။

သူ ထောင်ဝတ်စုံကို ချွတ်လို့ သာမန်အရပ်သားဝတ်စုံကို ခပ်မြန်မြန်ပဲ လဲလိုက်ပါတယ်။ ကျန်ရစ်ကြရမယ့် မိတ်ဆွေအကျဉ်းသားတွေဟာ သူ့အနားကို လာပြီး နှုတ်ဆက်စကားဆိုနေကြပါတယ်။ သူကလည်း သုတ်သုတ်ပြာပြာပဲ ပြန်ပြီး နှုတ်ဆက်နိုင်ပါတယ်။ အချိန်အများကြီး မပေးလို့ပါပဲ။ အပြင်ဘက်က ဝန်ထမ်းတွေက လွတ်တဲ့အကျဉ်းသားတွေကို မြန်မြန်ဆန်ဆန်ပဲ ထွက်လာခဲ့ဖို့ အော်နေပါတယ်။ စာအုပ်တချို့နဲ့ သူ့ဘဝမှာ ထောင်ရဲ့အမှတ်တရအဖြစ် သိမ်းထားဖို့ လိုတဲ့ ပစ္စည်းတချို့ကလွဲပြီး ကျန်တာတွေကို မိတ်ဆွေတွေကို ပေးထားခဲ့ပါတယ်။ အိမ်ကိုပြန်ယူမယ့်ပစ္စည်းတွေကို လက်ဆွဲအိတ်တစ်လုံးထဲ ထည့်လိုက်ပြီး အခန်းအပြင်ဘက်ကို ထွက်ခဲ့ပါတော့တယ်။

ခွဲခွာရခြင်းဆိုတာ ဘဝမှာ မရေမတွက်နိုင်အောင် ကြုံနေရတဲ့ ကိစ္စတစ်ခုပါပဲ။ တစ်ခါတစ်ခါ ကိုယ်က နေရစ်ခဲ့ရလိုက်၊ တစ်ခါတစ်ခါကျ ကိုယ်ကထားရစ်ခဲ့ရလိုက်နဲ့ပါပဲ။ နေရာတစ်ခုတည်းမှာ အပြောင်းအလဲမရှိ ကြာရှည်နေရတဲ့အခါ ခံစားရတဲ့ ဝေဒနာက တစ်ခု။ အဲဒီနေရာကို ထားခဲ့ရပြန်ဦးမယ်ဆိုတဲ့အခါ ဝေဒနာက တစ်မျိုး။

တွေ့နေမြင်နေကျအတိုင်း၊ ကိုယ်တိုင်လည်း ကြုံဖူးတဲ့အတိုင်းပါပဲ။ ကျန်ရစ်ခဲ့ရမယ့်သူတွေဟာ မျက်နှာမကောင်းကြပါဘူး။ မရွှင်ပျအုံ့မှိုင်းလို့ နေပါတယ်။ သူတို့ရဲ့မျက်လုံးတွေဟာ ရီဝေလို့နေကြပါတယ်။ အဲဒီမျက်နှာတွေကို မြင်ရပြန်တော့လည်း ဝမ်းနည်းရပါတယ်။

ဘေးကင်းရန်ကင်းနဲ့ ကျန်းကျန်းမာမာ ကျန်ရစ်ခဲ့ကြဖို့ သူ မျှော်လင့်ရတာပါပဲ။ စိတ်ဓာတ်မကျဖို့၊ စိတ်ရှည်ရှည်နဲ့ အချိန်ကို စောင့်ဖို့ မိတ်ဆွေတချို့ကို တိုတိုတုတ်တုပ် သူမှာခဲ့ပါတယ်။ စိတ်ရှည်စွာ စောင့်ဆိုင်းတတ်သူအဖို့ အချိန်ကာလဟာ တစ်နေ့မှာ အသေအချာရောက်လာမှာပါပဲ။ သူကိုယ်တိုင်လည်း ဒီလိုပဲ စောင့်ခဲ့တယ်။ ငေးခဲ့တယ်။

မိတ်ဆွေတွေဟာ နောက်ကျောဘက်ဆီကနေ ငေးကြည့်နေကြမယ်လို့ သူ ထင်ပါတယ်။ သူလှည့်မကြည့်တော့ပါဘူး။ သူတို့အဆောင်ကနေ ဆယ်ယောက်လောက် လွတ်ပါတယ်။ တခြားအဆာင်တွေကနဲ့ပေါင်းရင် ၃၀ ဝန်းကျင်လောက် ရှိပါလိမ့်မယ်။ ၅၀၅ ပုဒ်မနဲ့ စွဲခံရသူတွေချည်းပါပဲ။ အကုန်လုံးဟာ ထောင်ကို သူနဲ့ တစ်သုတ်တည်းအတူတူရောက်ခဲ့ကြသူတွေဖြစ်ကြပါတယ်။ ဒီတော့လည်း ခင်မင်ရင်းနှီးပြီးသားလူတွေပါပဲ။ ရောက်လာတုန်းကလည်း အတူတူ၊ အခုလွတ်တော့လည်း အတူတူ။ ဗုဒ္ဓဘာသာရဲ့ ကံကြမ္မာအကြောင်းကိုလည်း ဖျတ်ခနဲ တွေးမိလိုက်ပါတယ်။ ဘဝတစ်ခုခုမှာ အမှုကိစ္စတစ်ခုခုကို အတူတူလုပ်ခဲ့ကြသူတွေ ဖြစ်နေမလားပါပဲ။

သူတို့ဟာ မိန်းဂျေးလို့ခေါ်တဲ့ ပင်မအချုပ်ဆောင်ရှေ့က မြေကွက်လပ်မှာ နှစ်ယောက်တစ်တွဲ တန်းစီပြီး ထိုင်နေကြရပါတယ်။ လွှတ်ပေးဖို့ရာအတွက် ထောင်ရဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာပါ။ နာမည်တွေ၊ ထောင်ဝင်နံပါတ်တွေ၊ ပြစ်မှုတွေ စတဲ့ ကိုယ်ရေးအချက်အလက်တွေကို တစ်ယောက်ချင်းစီကို လိုက်စစ်နေပါတယ်။ လူမှားပြီး လွှတ်ပေးမိမှာစိုးလို့ဖြစ်မှာပါပဲ။

သူကတော့ အိမ်ကို သတိရနေပါတယ်။ မိဘတွေနဲ့ မိသားစုတွေဟာ သူလွတ်တော့မှာကို သိကြပြီလား၊ မသိကြရဲ့လား၊ လာကြိုကြမှာလား၊ အိမ်ကို သူ ဘယ်လိုပြန်ရမလဲ စတာတွေကိုလည်း တွေးမိနေပါတယ်။ မသိကြသေးဘူးဆိုရင်လည်း သိအောင် လှမ်းပြောချင်နေပါတယ်။ ဒါပေမဲ့လည်း ဖုန်းပြောရဖို့တော့ အခြေအနေမရှိပါဘူး။

ရင်းနှီးနေတဲ့ ထောင်ဝန်ထမ်းလေးတစ်ယောက်က သူ့ကို လာနှုတ်ဆက်တဲ့အခါ အတော်ပဲ ဖြစ်သွားပါတယ်။ အိမ်ကို ဖုန်းဆက်ပြီး အကြောင်းကြားပေးဖို့ အဲဒီဝန်ထမ်းကို အကူအညီတောင်းရပါတယ်။

ထောင်နဲ့ သူ့မြို့နဲ့ဟာ ကားနဲ့လာရင်တောင်မှ အချိန်သုံးနာရီလောက်ကြာပါလိမ့်မယ်။ ကားငှားလို့လည်း အဆင်ပြေဦးမှ၊ လမ်းမှာလည်း ချောချောမွေ့ဖြစ်ဖြစ်ဦးမှ အဲဒီလောက်ကြာမှာပါ။ သူတို့လမ်းမှာက တော်လှန်ရေးဘက်ကရော၊ စစ်ကောင်စီဘက်ကတပ်တွေရော လှုပ်ရှားကြတာဆိုတော့ အတားအဆီးအနှောင့်အယှက်တွေရှိမှာကိုလည်း စိုးရပြန်ပါတယ်။ ဒီတော့ အခုချိန်ဖုန်းဆက်လို့ ချက်ချင်းထွက်လာမယ်ဆိုရင်တောင်မှ နေ့လယ်လောက်မှ ရောက်ပါလိမ့်မယ်။ ဒါဆိုရင် သူ ထောင်အပြင်ဘက်ကို ရောက်တဲ့အခါ အိမ်ကမိသားစုတွေ ရောက်မှ ရောက်ကြပါဦးမလား။ ကြိုမယ့်သူ မရှိဘဲ ဖြစ်နေမလား။ ကြောင့်ကြနေမိပြန်ပါတယ်။

အချိန်အတော်ကြာတဲ့အထိ သူတို့ကို ထောင်ဘူးဝဆီကို ခေါ်မသွားသေးပါဘူး။ သူတို့ဟာ မြေကွက်လပ်မှာပဲ ထိုင်စောင့်နေကြရဆဲပါပဲ။ အိမ်ကို ဘယ်လိုပြန်ကြမှာလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုတိုင်ပင်နေကြပါတယ်။ လိုင်းကားတွေ ပြေးရဲ့လား၊ ကားကိုပဲ အပြတ်ငှားသွားကြလား၊ ဆိုင်ကယ်ငှားပြီး ပြန်ရင် ရနိုင်သလားဆိုတာတွေပါပဲ။ တစ်မြို့၊ တစ်ရွာ၊ တစ်နယ်စီကလူတွေလည်းပါပါတယ်။ တချို့ကတော့လည်း တစ်မြို့တည်း၊ တစ်နယ်တည်းမို့ အတူတူပြန်ကြဖို့ အဖော်ညှိနေကြပါတယ်။ သူကတော့ တစ်ယောက်တည်းပါပဲ။

နေဟာ တဖြည်းဖြည်း မြင့်လို့လာပါပြီ။ ထောင်ကလွတ်ခါးနီးမျက်နှာတွေဟာ ဘယ်အချိန်ကနဲ့မှမတူအောင် ဝင်းပကြည်လင်နေကြပါတယ်။

ရင့်ပြည့်

The Tanintharyi Times