ရာသီတုပ်ကွေးအတွက် အိမ်တွင်းကုထုံး

ရာသီတုပ်ကွေးအတွက် အိမ်တွင်းကုထုံး

မိုးကာလရောက်ပြီဆိုတော့ ရာသီတုပ်ကွေးကို အထူးသတိထားရမယ့်အချိန် ရောက်လာပါပြီ။

ရာသီတုပ်ကွေးဆိုတာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် မိုးတွင်းကာလနဲ့ ဆောင်းတွင်းကာလတွေမှာ ကူးစက်လွယ်တဲ့ရောဂါ ဖြစ်ပါတယ်။

●ကူးစက်နိုင်တဲ့ နည်းလမ်းတွေ

ရာသီတုပ်ကွေးဖြစ်နေသူရဲ့ ချောင်းဆိုးတာ၊ နှာချေတာ၊ ချွဲ၊ သလိပ်နဲ့ ခန္ဓာကိုယ် ကထွက်တဲ့အရည်၊ အသုံးအဆောင် ပစ္စည်းတွေ ကိုင်တွယ်၊ ထိတွေ့တာကနေ ကူးစက်နိုင်ပါတယ်။

●ရာသီတုပ်ကွေးကို ဘယ်သူတွေဖြစ်နိုင်သလဲ

ရာသီတုပ်ကွေးဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်(၅)နှစ်အောက် ကလေးငယ်တွေ၊ အသက်(၅၀)နှစ်အထက် လူကြီးတွေ၊ နာတာရှည် ရောဂါရှိနေတဲ့သူတွေ၊ ကိုယ်ခံအားကျဆင်းနေသူတွေမှာ ရာသီတုပ်ကွေး ကူးစက်လွယ်ပါတယ်။

●ရာသီတုပ်ကွေရဲ့ ရောဂါလက္ခဏာတွေ

ရုတ်တရက် ကိုယ်တွေပူ၊ အဖျားတွေတက်လာတာ၊ ခေါင်းကိုက်ပြီး နှာစေးတာတွေ၊ လည်ချောင်းနာပြီး ချောင်းဆိုးလာတာတွေ၊ မူးဝေအော့အန်တာတွေ ဖြစ်ပါတယ်။

●ရာသီတုပ်ကွေးရဲ့ နောက်ဆက်တွဲပြဿနာတွေက

အဆုတ်အအေးမိရောဂါ၊ ဦးနှောက်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အခြားသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ခံစားရနိုင်ပါတယ်။

●ရာသီတုပ်ကွေးမဖြစ်စေဖို့ ဆောင်ရန်အချက်တွေကတော့

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ရောဂါကူးစက်မှုမှ ကင်းဝေအောင် လူစုလူဝေးကိုရှောင်သင့်တယ်။

အကယ်၍ လူစုလူဝေးရှိရာသွားရတယ်ဆို နှာခေါင်းစည်းတပ်ထားသင့်ပါတယ်။

နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ ဖုံးအုပ်ပြီးဆိုးသင့်ပါတယ်။

လက်ကို မကြာခဏ ဆေးပေးဖို့ လိုပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေထိုင်ဖို့လည်း လိုပါတယ်။

ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝစေတဲ့ အစားအစာတွေ စားသောက်ပေးဖို့ လိုပါတယ်။

အိပ်ရေး၀၀အိပ်စက်ဖို့လည်း လိုပါတယ်။

●ရာသီတုပ်ကွေးအတွက် အိမ်တွင်းကုထုံး

ရာသီတုပ်ကွေးဖြစ်နေသူက ရေများများသောက်ပေးဖို့ လိုပါတယ်။

ကိုယ်ခံအားမြှင့်တင်စေနိုင်ဖို့ ဗီတာမင်စီပါတဲ့ အသီးအနှံတွေ(သံပုရာသီး၊ နာနတ်သီး…)စားပေးသင့်တယ်။

တကယ်လို့ အသားဝယ်လို့ရရင် အားအမြန်ပြည့်စေဖို့ ကြက်စွပ်ပြုတ်ရည်ကို သောက်ပေးနိုင်ပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေဖို့ လိုပါတယ်။

ကိုယ်ခံအားကောင်းစေဖို့ အိပ်ရေး၀၀အိပ်ပေးဖို့ လိုပါတယ်။

●ရာသီတုပ်ကွေး အန္တရာယ်မှ ကင်းဝေးစေဖို့ကြိုတင်သောက်ထားပေးသင့်တဲ့ ဆေးတစ်ခွက်ကိုလည်း ညွှန်းဆိုချင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ချင်း(သုံးလွှာ)၊ ထန်းလျက်သုံးလုံးမှ ငါးလုံး၊ ကွမ်းရွက်တစ်ရွက်မှ နှစ်ရွက်တို့ ဖြစ်ပါတယ်။

အထက်ပါသုံးမျိုးကို ရေလက်ဖက်ရည်ပန်းကန်သုံးလုံးစာလောက်ထည့်ပြီး ကျိုသောက်ပေးနိုင်ပါတယ်။

တစ်ခုသတိထားရမှာက ဆေးကျိုတဲ့အခါ ရေကိုဆူအောင် ကျိုပေးဖို့လိုပါတယ်။

ရလာတဲ့ဆေးရည်ပူပူနွေးနွေးကို တစ်နေ့ရေနွေးကြမ်းပန်းကန်နှစ်လုံးမှ သုံးလုံးစာအထိ သောက်ပေးနိုင်ပါတယ်။

●အထက်ပါဆေးဖုံကဲ့သို့ ကြိုတင်သောက်သုံးနိုင်တဲ့ ဆေးတစ်ခွက်ကိုလည်း ထပ်မံညွှန်းဆိုပါဦးမယ်။

ပါဝင်ပစ္စည်းကတော့ ငရုတ်ကောင်းတစ်ကျပ်သား၊ ကွမ်းရွက်၊ ချင်း၊ နွယ်ချိုတို့ကို နှစ်ကျပ်သားစီ၊ ဆေးခါးကြီး၊ နာနတ်ပွင့်၊ ထန်းလျက်သုံးကျပ်သားစီတို့ ဖြစ်ပါတယ်။

အထက်ပါပစ္စည်းတွေကို ရေသန့်တစ်လီတာဘူး(၄)ဘူး ပမာဏရှိရေနဲ့ ရောစပ်ပြီး ကျိုပါ။

ရလာတဲ့ဆေးရည်ကို တစ်နေ့ ရေနွေးကြမ်းပန်းကန် ငါးလုံးမှ ခြောက်လုံးစာအထိ သောက်သုံးပေးနိုင်ပါတယ်။

●ဆေးရုံ၊ ဆေးခန်းနဲ့ဝေးနေသူတို့အတွက် ကတော့ ရာသီတုပ်ကွေးဖြစ်ရင်

စပါးလင်ကို ပြောင်စင်အောင်ဆေးပြီး ကြိုပါ။ ရလာတဲ့ အရည်ကို တစ်နေ့ ရေနွေးကြမ်းပန်းကန် တစ်လုံးစာလောက် သောက်သုံးပေးနိုင်ပါတယ်။

ကြက်ဟင်းခါးရွက်အစိမ်းကို အရည်ညှစ်ပြီး ဆားအနည်းငယ်ထည့်သောက်ခြင်းကလည်း ခံစားနေရတဲ့ရောဂါ

လက္ခဏာတွေ တဖြေးဖြေးချင်း သက်သာသွားနိုင်ပါတယ်။ သောက်သုံးတဲ့အခါမှာတော့ တစ်နေ့ကို ရေနွေးကြမ်းပန်းကန်လုံး တစ်ဝက်စာလောက်ပဲ သောက်သုံးပေးပါ။

●ရာသီတုပ်ကွေး ကင်းဝေးစေဖို့ ရှောင်ကြဉ်ရမည့်အချက်တွေကတော့

ပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေ စားတာ

အင်္ကျီရေစို၊ လုံချည်ရေစိုတွေ ကြာရှည်စွာဝတ်ဆင်ထားတာ

မကြေကျက်တဲ့ အစားအစာတွေစားတာ

ကိုယ်ခံအားကျဆင်းစေတဲ့ အပြုအမူတွေဖြစ်တဲ့ ဆေးလိပ်၊ အရက်တွေ သောက်သုံးတာ

လူစုလူဝေး၊ လူထူထပ်တဲ့ နေရာတွေကိုသွားတာ

လက်မဆေးဘဲ စားစရာတွေကို ကိုင်တွယ်တာ

လက်မဆေးဘဲ မိမိရဲ့နှာခေါင်း၊ ပါးစပ်တွေကို ကိုယ်တွယ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က (B.M.T.M)ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်ပါတယ်။)

The Tanintharyi Times