ပကာရီရဲစခန်းက စစ်ကောင်စီတပ်သားကို ကွမ်းပင်ပေါ် ကနေ စနိုက်ပါနဲ့ ပစ်ခတ်

ပကာရီရဲစခန်းက စစ်ကောင်စီတပ်သားကို ကွမ်းပင်ပေါ် ကနေ စနိုက်ပါနဲ့ ပစ်ခတ်

ရုပ်သံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)

ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းက စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါနဲ့ ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)ကထုတ်ပြန်ပါတယ်။

အခုလ ၁၀ရက်နေ့မနက် ၆နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ရုပ်သံမှာတော့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ကွမ်းပင်ပေါ်တက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်နေတာကို တွေ့ရပါတယ်။

“ပစ်ခံရတာက အပြင်ထွက်ပြီးငွေတောင်းနေတဲ့သူပါ။ကျနော်တို့ဘက်ကတော့ ပစ်ပြီးတာနဲ့ပြန်ဆုတ်လာခဲ့ပါတယ်” လို့ ထားဝယ်ခရိုင်တပ်ရင်း (၁)ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုပစ်ခတ်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်တပ်ရင်း(၁)ရဲ့ တပ်ခွဲ (၂) စစ်ကြောင်း၊ DGRF၊ ဧဒင်မှူး၊ Aline Force အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကားလမ်းပေါ်တက်ပြီး ခရီးသွားတွေကို အတင်းအဓမ္မ ငွေကြေးတောင်းခံတာနဲ့ ကိုယ်ထိလက်ရောက်စော်ကားတာတွေ ပြုလုပ်နေတာကြောင့်အခုလို လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ပကာရီရဲစခန်းဂိတ်ဟာ ထားဝယ်-ထီးခီးကားလမ်းပေါ်မှာရှိပြီး ပြီးခဲ့တဲ့ဧပြီလ ၉ ရက်နေ့ကလည်းပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။

ဒီနေ့မနက်မှာလည်း ပကာရီရဲစခန်းဘက်ကနေ သေနတ်ပစ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတွေထွက်ပေါ်နေတယ်လို့ သိရပေမယ့် ဖြစ်စဥ်အသေးစိတ်ကိုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

The Tanintharyi Times