နယ်ခြားစောင့်တပ်(BGF)က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦး ထိခိုက်ဒါဏ်ရာရ

နယ်ခြားစောင့်တပ်(BGF)က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦး ထိခိုက်ဒါဏ်ရာရ

ဓါတ်ပုံ - BGFတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကရင်ပြည်နယ် ဘာအံမြို့နယ် တုတ်ကြီးကျေးရွာအတွင်းက အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက် မနက် ၁၀နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF-၁၀၁၄)တပ်ရင်းက ရည်ရွယ်ချက်ရှိရှိ ၆၀မမ လက်နက်ကြီးနဲ့ ၂ကြိမ် ပစ်ခတ်ခဲ့ရာမှာ KNU ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စုအတွင်းက တုတ်ကြီးကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၃နှစ်အရွယ်ကလေးငယ်တစ်ဦး ညာလက် ထိခိုက်ဒါဏ်ရာ ရရှိသွားခဲ့တာလို့ ဆိုပါတယ်။

အလားတူ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပိန္နဲတောတပ်စခန်းကနေ လက်နက်ကြီးနဲ့ ၆ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ပိန္နဲတောကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားပိုင် နွား ၄ကောင် သေဆုံးခဲ့သေးကြောင်းလည်း KNUရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

The Tanintharyi Times